ဆရာတော်ဦးဥတ္တမကို ၇၆ ကြိမ်မြောက် ဂုဏ်ပြုအခမ်းအနား ကျင်းပ

0
313

မြန်မာ့လွတ်လပ်ရေး မီးရှုးတန်ဆောင် ဆရာတော်ဦးဥတ္တမကို ၇၆ ကြိမ် မြောက် ဂုဏ်ပြုအခမ်းအနားကို ကန်တော်မင်္ဂလာပန်းခြံမှာ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းကို MCN သတင်းထောက် သန်းဌေးအောင်က ခုလိုသတင်းပေးပို့ ထားပါတယ်။
ဆရာတော်ဦးဥတ္တမဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေသာမက ပြည်ပနိုင်ငံအချို့မှာ လည်းလွတ်လပ်ရေးကြိုးပမ်းမှုအတွက် ဆောင်ရွက်ခဲ့တဲ့ ဆရာတော် ဦးဥတ္တမရဲ့ (၇၆) ကြိမ်မြောက် ဂုဏ်ပြု အခမ်းအနားကို ရန်ကုန်မြို့ဦးဥတ္တမပန်းခြံမှာ စက်တင်ဘာလ (၉) ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဆရာတော် ဦးဥတ္တမဟာ မြန်မာ့သမိုင်းမှာထင်ရှားကျော်ဇောပြီး နိုင်ငံတော်နဲ့ အမျိုးဘာသာသာသနာစာပေ အတွက် အကျိုးပြုဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။
” ဒါမလုပ်မဖြစ်တဲ့ သမိုင်းတစ်ခုလေ။ အစ်ကိုတို့က အရင်ကလုပ်ချင်တယ် ဒါပေမယ့်လုပ်ခွင့်မရခဲ့ဘူး။ အခု နိုင်ငံတော်ကလည်း ဒီပန်းခြံကို ကန်တော်မင်္ဂလာ ပန်းခြံဆိုပြီးပြောင်းလဲခဲ့တဲ့ နောက်ပိုင်းမှာ အစ်ကိုတို့ မလုပ်ခဲ့ရဘူး။ အခုတော့ ဆရာတော်ဦးဥတ္တမပန်းခြံဆိုပြီး လွှတ်တော်က အသိအမှတ်ပြုလိုက်ပြီ။ တရားဝင် လည်းဖြစ်သွားပြီ။ ဆရာတော်ရုပ်တု သီတင်းသုံးခဲ့တဲ့ နေရာကို ပြန်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားညီ၊ အစ်ကို၊ မောင်နှမ အားလုံးကို ဆရာတော်ဟာ ဒီလိုလုပ်ခဲ့ပါတယ်။ အားလုံး သော မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် အပင်ပန်းခံကြိုးစားခဲ့တာတွေကို ပြချင်တဲ့အတွက် အစ်ကိုတို့က ဒီလိုပွဲကို ကျင်းပရတာဖြစ်ပါတယ်” ဆရာတော်ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဖြစ်တဲ့ ဦးစိန်လှိုင် ကပြောပါတယ်။
ပြည်တွင်းမှာလည်း နိုင်ငံအနှံ့လှည့်လည်ကာ ၀ံသာနုရက္ခိတ ခေါ် အမျိုးဂုဏ်စောင့်ထိန်းရေးနဲ့ တိုင်းပြည် ချစ်စိတ်အကြောင်းတွေ ဟောပြောကာ “၀ံသာနု” အသင်းများကို ဦးဆောင်စည်းရုံး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
” ကိုယ့်ရခိုင်နေရာမှာပဲလုပ်ရင် ရခိုင်နေရာတစ်ခုတည်းမှာပဲ လွတ်လပ်ခွင့်ရမယ်၊ အဲလိုမဖြစ်ဘူးဆိုပြီး ဆရာတော်ရဲ့ စိတ်ဓါတ်က မြန်မာနိုင်ငံတစ်ခုလုံးကို အလင်းရောင်ပေးမှရမယ်ဆိုပြီးတော့ ဒီအထက် မြန်မာပြည်ဆိုရင် ဆရာတော်ရဲ့အဓိကလွတ်လပ်ရေးမျိုးစေ့ချခဲ့တဲ့နေရာလို့ ပြောလို့ရတယ်။ (၁၃၅) မျိုးသော တိုင်းရင်းသားအားလုံးသည် ဆရာတော်ရဲ့တပည့်၊ သား၊ မြေးတွေဖြစ်တဲ့အတွက် ဆရာတော်ရဲ့ ကျေးဇူး တရားတွေ မကင်းတဲ့အတွက် အားလုံးပါဝင်ဆင်နွှဲကြစေဖို့ပြောလိုပါတယ် “ ဆရာတော် ဦးဥတ္တမနေ့ ကျင်းပ ရေးကော်မတီ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးစိန်လှိုင် ကပြောပါတယ်။
ဆရာတော်ဦးဥတ္တမဟာ လွတ်လပ်ရေးမရခင်ကနေပျံလွန်တော်မူတဲ့အထိ အကျဉ်းချတာ အကြိမ်ကြိမ်ခံခဲ့ရတာ ကြောင့် ကျန်းမာရေးဆိုးရွားခဲ့ပြီး ရန်ကုန် ဆေးရုံကြီးမှာ (၁၉၃၉) ခုနှစ်မှာ ပျံလွန်တော်မူခဲ့ တာဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ အနစ်နာခံပြီးလူထုကို နိုင်ငံရေး အသိအမြင် နိုးကြားလာအောင် ဆောင်ရွက်ခဲ့တဲ့ ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုတဲ့အနေနဲ့  နှစ်စဉ် စက်တင်ဘာလ (၉) ရက်နေ့ ရောက်တိုင်း ခုလို အခမ်းအနားတွေကို ကျင်းပခဲ့တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)