တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံမှုအပေါ် ပြောကြားချက်များ

0
348

ဇန်နဝါရီလ၂၉ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းမှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးတစ်ဦးဖြစ်တဲ့ ဦးကိုနီနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆောင်ရွက်တဲ့နေရာတွေမှာ အားနည်းမှုတွေရှိနေပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ တိုင်းပြည်အနေနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိကထား လုပ်ဆောင်သင့်တယ်လို့ ဝေဖန်ထောက်ပြမှုတွေပြုလုပ်လာခဲ့ကြပြီဖြစ်ပါတယ်။ ဖြစ်ပေါ်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သတင်းစာဆရာ ဦးရဲနိုင်မိုးအပါအဝင် နိုင်ငံရေးနယ်ပယ်ထဲက ပုဂ္ဂိုလ်အချို့ကို MCN သတင်းဌာနက သီးခြားဆက်သွယ်မေးမြန်းချက်အချို့ကို ကောက်နုတ်ဖော်ပြလိုပါတယ်။

သတင်းစာဆရာ ရဲနိုင်မိုး

(သတင်းစာဆရာ)အခုဥပဒေပညာရှင် ဦးကိုနီကို လုပ်ကြံသတ်ဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကိုယ်တွယ်မှုတွေဟာ Professional မကျဘူး။ လေးစားယုံကြည်လောက်တဲ့ စုံစမ်းစစ်ဆေးတာမျိုးကို မတွေရဘူး လို့ ပြည်သူတစ်ဦးအနေနဲ့မြင်တယ်။ ပိုပြီးတော့ဆိုးရွားတာက ရဲစစ်ချက်တွေက အွန်လိုင်းပေါ်ကို တက်လာတယ်။ အဲဒါကို အဟတ်ခံလိုက်ရတယ်လို့ ပြောတယ်။ အဲဒီလိုပြောတာကိုလည်း နည်းပညာ ကျွမ်းကျင်သူတွေက လုံးဝမယုံဘူး။ အခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတဲ့ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ အနေနဲ့ သူတို့လုပ်ဆောင်ချက်တွေဟာ Professional လုံးဝ မဆန်ဘူးလို့ ပြောချင်တယ်။ နောက်ပြီးတော့ သတင်းမီဒီယာကို သတင်းထုတ်ပြန်တဲ့အခါမှာလည်းစနစ်တကျထုတ်ပြန်နိုင်မှုမရှိဘူးလို့မြင်တယ်။အခုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးပုံရော၊သတင်းထုတ်ပြန်တာတွေရော သံတယ ရှိစရာကောင်းပါတယ်။

အခုဖြစ်ခဲ့ဦးငွေလင်း (အထွေထွေအတွင်းရေးမှူးး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ )

အခုဖြစ်တဲ့ကိစ္စက သာမန် လူသတ်မှုမဟုတ်ဘဲနဲ့ လုပ်ကြံသတ်ဖြတ်မှု သဘောဆောင်တယ်။ အင်မတန်အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။ အဲဒါနဲ့ ပတ်သက်ရင် နိုင်ငံတော်က သေသေချာချာစုံစမ်းစစ်ဆေးဖို့တော့ လိုတယ်။ ပြီးတော့ရရှိသလောက်ကိုလည်း လူထုသိနိုင်အောင်၊ လူထုအနေနဲ့ ဝန်းရံပြီး ဖော်ထုတ်နိုင်အောင် သတင်းစာရှင်လင်းပွဲတွေကို လုပ်ဆောင်ပေးဖို့လိုတယ်။ အဲဒါတွေ လစ်ဟင်းနေတာ ကတော့ တော်တော်ကိုစိတ်ပျက်စရာ ကောင်းတဲ့ ကိစ္စလို့ မြင်တယ်။ တိုင်းပြည်မှာ အခုလို သတ်ဖြတ်မှုတွေ မကြာခဏဖြစ်လာနေတာတွေဟာ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု အင်မတန်ကိုမဲ့နေတယ်လို့မြင်တယ်။ ပြည်ထဲရေးဖက်ကလည်း အင်မတန်ကို လစ်ဟင်းတယ်လို့မြင်တယ်။ အထူးသဖြင့်တော့ နိုင်ငံခေါင်းဆောင်တွေနိုင်ငံရေးမှာ အင်မတန်အရေးပါတဲ့ ပုဂိုလ်တွေ ချက်ချင်းဒုက္ခများသွားနိုင်တဲ့ အနေအထားကို ရောက်နေပြီလို့ မြင်တယ်။ အထူးသဖြင့် နိုင်ငံတကာလေဆိပ်လိုနေရာမျိုး အထူးသဖြင့်စောင့်ကြပ်ကြည့်ရှု့ရမဲ့နေရာမျိုးမှာ အားလုံးသိနားလည်တဲ့နေရာမျိုး အခုလိုဖြစ်တာကတော့ အရမ်းကိုစိုးရိမ်စရာကောင်းတယ်လို့မြင်တယ်။

ဦးပြည်ကျော်(ရွှေဝါရောင်သံဃာတော်လှန်ရေးဦးဆောင်သူ)

မြန်မာပြည်မှာ ဥပဒေရဲ့အားနည်းချက်တွေကတော့ တော်တော်များများရှိနေတယ်။ လုံခြုံရေးနဲ့ ပတ်သက်ရင် ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်တာ ဖြစ်တယ်။ အဲဒီပြည်ထဲရေးမှာကလည်း တပ်မတော်က အဆိုပြုထားတဲ့သူတွေက ဦးဆောင်နေတာဖြစ်တယ်။ ပြီးတော့ အခုချိန်မှာ သူတွေက ကာကွယ်ရေးနဲ့ လုံခြုံရေးကို ထိထိရောက်ရောက် မကိုင်တွယ်တာတွေကြောင့် ပြည်သူတွေအနေနဲ့ အခုချိန်မှာဆိုရင် စိုးရိမ်မှုတွေ မြင့်တက်လာနေကြပြီလို့ မြင်တယ်။ နောက်တစ်ချက်က အခုလိုသာ ဆက်ပြီးဖြစ်နေအုံးမယ်ဆိုရင်တော့ ၈၈တုန်းကလို ပြည်သူတွေက ကိုယ့်ရပ်ကွက်ကို ကိုယ်ကပဲ လုံခြုံရေးယူရတော့မယ် အခြေအနေကိုရောက်လာတော့မှာဖြစ်တယ်။

မင်းဇေယျ (၈၈ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)

တရားဥပဒေစိုးမိုးရေး၊လုံခြုံရေးအဲဒီအပိုင်းတွေနဲ့ပတ်သက်ပြီးတော့ NLDအစိုးရတက်လာပြီးကတည်းကကျွန်တော်တို့ဝေဖန်ထောက်ပြတာတွေ လုပ်ခဲ့ကြတယ်။ တရားဥပဒေစိုးမိုးမှုဆိုတာက လုံခြုံရေး ခိုင်မာမှုအပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော်ပြည်သူတွေဟာ မလုံခြုံဘူးဆိုတဲ့ ခံစားချက်နဲ့ ဖြတ်သန်းလာခဲ့တာ နှစ်ပေါင်းလည်း မနည်းတော့ဘူး၊ အခုဆိုရင် ပြည်သူတွေဟာ ကိုယ့်လုံခြုံရေးကို ကိုယ့်ဟာကိုပဲ ဂရုစိုက်နေကြရတယ်။ အခုဖြစ်ပွားခဲ့တဲ့ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့ အခါကြတော့ပိုပြီးတော့ စိုးရိမ်စရာ အခြေအနေကို ရောက်ရှိသွားခဲ့တာပါပဲ၊ အများပြည်သူ သွားလာနေတဲ့ နေရာမျိုးမှာတောင် ကိုယ့်အသက်ကိုယ် စိတ်မချရတဲ့ အခြေအနေမျိုးဆိုတော့ ဘယ်လောက်အထိလုံခြုံမှုတွေ ချိုးပေါက်နေတယ် ဆိုတာကတော့ အခုဖြစ်စဉ်က အထင်ရှားဆုံးသက်သေပဲ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)