တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဂုဏ်ပြု

0
339

၂၀၁၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျောင်းသား၊ ကျောင်းသူတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့နယ် အလိုက် ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပါတယ်။

အဲ့ဒီပွဲကိုတော့ ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

“တက္ကသိုလ်ဝင်စာမေးပွဲဟာ ဆရာမကြီးတို့ရဲ့ မြန်မာနိုင်ငံအခြေအနေအရဆိုရင် သူတို့ဘ၀လေးကို သူတို့ ရွေးချယ်ပိုင်ခွင့်ပြဋ္ဌာန်းလိုက်တဲ့နေရာလေးဖြစ်တယ်။ အဲ့ဒီနေရာမှာ သူတို့ဘ၀ကို ရွေးချယ်ဖို့အတွက် ကလေး တွေဟာကြိုးစားခဲ့ရတယ်။ မိဘတွေကပံ့ပိုးခဲ့ရတယ်။ ဆရာ၊ ဆရာမကြီးတွေကလည်း အများကြီး သင်ပေးခဲ့ရ တယ်။ အဲဒီလို သုံးဦးသုံးဖက် ညီညီညာညာ ကြိုးစားပြီး ထွက်လာတဲ့ ရလဒ်အပေါ်မှာ ဆရာမကြီးတို့က ဂုဏ်ပြု သင့်တယ်”လို့ ပညာရေးဝန်ကြီးဌာန၊ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီ က ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိခဲ့ကြသော သိပ္ပံဘာသာတွဲနှင့် ဖြေဆိုအောင်မြင်ခဲ့သူ ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး၊ ၀ိဇ္ဇာဘာသာတွဲနဲ့ အောင်မြင်ခဲ့သူ ကျောင်းသား၊ ကျောင်းသူ သုံးဦးကိုလည်း ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

“သမီးက ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းက အောင်မြင်ခဲ့တာပါ။ မြန်မာ တစ်နိုင်ငံလုံး သိပ္ပံတွဲ ပထမဆုရရှိခဲ့တာပါ။ အတိုင်းမသိ ၀မ်းသာမိပါတယ်။ ထူးချွန်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်အောင် ကြိုးစားသွားမှာပါ”လို့ ရန်ကုန် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း(TTC)မှ သိပ္ပံဘာသာတွဲ အဆင့်တစ်ရရှိသူ မသီရိထက်နိုင်က ပြောပါတယ်။

၂၀၁၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်ချက်အကောင်းဆုံး မြို့နယ်တွေကတော့ လသာမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဒဂုံမြို့နယ်ဖြစ်ပြီး အောင်ချက်အကောင်းဆုံး အထက်ကျောင်းတွေကတော့ အ.ထ.က (၂) စမ်းချောင်း၊ အ.ထ.က (၂) လသာနဲ့ ရန်ကုန် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း(TTC) ကမာရွတ် ဖြစ်တယ်လို့ အမှတ် (၃) အခြေခံပညာဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

“ကျွန်တော်က ရန်ကုန်တိုင်းဒေသကြီးမှာ အဆင့်လေးနဲ့ တစ်နိုင်ငံလုံးအဆင့်မှာ အဆင့်ငါး ရရှိတာဖြစ်ပါတယ်။ အနာဂတ်မှာ ထူးချွန်တဲ့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။ ဒီလိုမျိုး တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ကျွန်တော်တို့လို ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အသိအမှတ်ပြုချီးကျုးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ကြိုးစားမှုရလဒ်ကို အသိအမှတ်ပြုပေးတယ်။ အခမ်းအနား ကြီးကြီးကျယ်ကျယ်လုပ်ပြီး ချီးမြှင့်ပေးတယ်။ တစ်နိုင်ငံလုံးကို အားကျအောင် ထုတ်လုပ်ပေးတယ်ဆိုတာက အရမ်းကိုကျေနပ်ဝမ်းသာမိပါတယ်”လို့ အ.ထ. က(၆)ဗိုလ်တစ်ထောင်မှ မောင်ဝေလွင်ဦးက ပြောပါတယ်။

နဒီကို

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)