မန္တလေးမြို့တွင် စစ်တုရင်လူငယ်တံခွန်စိုက် ပြိုင်ပွဲကျင်းပ

0
373

မန္တလေးတိုင်းဒေသကြီးတွင် သတ္တမအကြိမ်မြောက် စစ်တုရင်ဆပ်ကော်မတီဥက္ကဌဖလား စစ်တုရင်ပြိုင်ပွဲနဲ့ လူငယ်တံခွန်စိုက်ပြိုင်ပွဲကို ဇူလိုင်လ ၁၂ ရက်နေ့က အောင်မြေသာစံမြို့နယ်ရှိ မြို့မတူရိယာ အသင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီပြိုင်ပွဲမှာ မန္တလေးမြို့ခံ လူငယ်စစ်တုရင် ၀ါသနာရှင်တွေအပြင် မန္တလေးဆေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ အိုးဘို မန္တလေး နည်းပညာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ သွားဆေးတက္ကသိုလ်၊ UFL တက္ကသိုလ် နှင့် အခြေခံပညာကျောင်းမှ လူငယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

“ပြည်နယ်နဲ့တိုင်း ပြိုင်ပွဲကြီးကို မန္တလေးတိုင်းက ကိုယ်စားပြုယှဉ်ပြိုင်ရမှာ၊ အဲ့ဒါကတော့ ပြည်နယ်နဲ့တိုင်းဒေသ ပြိုင်ပွဲကြီးကို မန္တလေးတိုင်းက ကြီးမှူးကျင်းပတာဖြစ်တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး စစ်တုရင် ပြိုင်ပွဲကို ဒီနှစ်က ရန်ကုန်မှာ ကျင်းပမှာဆိုတော့ ပြည်နယ်နဲ့တိုင်း ၁၄ ခု တစ်ခါတလေမှာတော့ ရှမ်းအရှေ့ ရှမ်းမြောက် အစရှိတဲ့ အသင်းတွေပါရင်တော့ တစ်ခါတစ်လေ ၁၆ အသင်းလောက်ဖြစ်တတ်ပါတယ်”လို့ မန္တလေးတိုင်း အားကစားနှင့် ကာယပညာ ကော်မတီဝင်တစ်ဦး ကပြောပါတယ်။

ပြိုင်ပွဲတွေထဲက အသင်းအလိုက်ပြိုင်ပွဲတွေမှာ စစ်တုရင်ကလပ်အသင်း ၈ သင်းနဲ့ လူငယ်တံခွန်စိုက် ပြိုင်ပွဲတွေမှာတော့ အသက်အလိုက် အပိုင်း ၆ ပိုင်းခွဲပြီးတော့ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။

“အဲ့ဒီလို ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်တဲ့အခါမှာ မန္တလေးတိုင်းဒေသကြီး စစ်တုရင်အသင်းအနေနဲ့ အင်အားတောင့်တင်းအောင် အခုလိုပွဲတွေကနေ အခြေခံပြီးတော့ ဒီလိုပြိုင်ပွဲတွေလုပ်တယ်။ တော်တဲ့ ကလေးတွေကို ရွေးချယ်ပြီးရင် camp တွေသွင်းမယ်။ အကြီးတန်းမှာပဲ club အသင်းတွေက တော်တဲ့ သူတွေကို ရွေးချယ် camp သွင်းမယ်။ ပြီးရင်လေ့ကျင့်ပြီး သွားပြိုင်မယ်”လို့ ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်လည်း ဒီလိုစစ်တုရင်ပြိုင်ပွဲတွေကနေ မြန်မာနိုင်ငံရဲ့ စစ်တုရင်မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနိုင်နေပြီး နိုင်ငံတကာပြိုင်ပွဲတွင် ထူးချွန်ဆုတွေကို ဆွတ်ခူးနိုင်နေပြီဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီဥက္ကဌဖလား စစ်တုရင်ပြိုင်ပွဲနဲ့ လူငယ်တံခွန်စိုက်ပြိုင်ပွဲတွေကို ၂၀၀၇ ခုနှစ်လောက်က စတင် ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

နဒီကို

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)