သြဂုတ်လ (၁၂) ရက် နိုင်ငံတကာလူငယ်များနေ့ကျင်းပဖို့ရှိ

0
377

သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာလူငယ်များနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာရှိတဲ့ လူငယ်ကွန်ယက်တွေပေါင်းပြီး လူငယ်ပွဲတော် ကျင်းပသွားမှာဖြစ်ပါတယ်။

အဲ့ဒီပွဲတော်ကို ရန်ကုန်လူငယ်ကွန်ယက်က ဦးဆောင်ကျင်းပဖို့ စီစဉ်နေပေမယ့် တခြားလူငယ်ကွန်ယက်တွေ နဲ့ပါပူးပေါင်းပြီး လူငယ်တွေကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ တောင်းဆိုချက်တွေ၊ အကြံပြုချက်တွေ၊ အသံတွေကို ထုတ်ဖော်မယ့် အသိပညာပေး ဆွေးနွေးပွဲတွေလည်း ပါဝင်ဖို့ရှိနေပါတယ်။

“အဲ့ဒီပွဲတစ်နေ့တာမှာ ပြောဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ကျွန်မတို့ပြန်ပြီးတော့ Document မှတ်တမ်းမှတ်ရာ နဲ့မှတ်ထားမယ်။ မှတ်ထားပြီးတဲ့အခါမှာ အဲ့ဒီအချက်တွေထဲက အရေးကြီးတဲ့အချက်တွေ လူငယ်တွေဆီက သူတို့တောင်းဆို အကြံပြုလိုက်တာတွေက လူကြီးတွေမစဉ်းစားမိတာတွေ ဖြစ်နိုင်တယ်။ အဲဒီအချက်လေး တွေကိုကျွန်မတို့မှတ်ထားပြီးတော့ ရန်ကုန်တိုင်းအစိုးရကို တင်ပြသွားဖို့ရှိတယ်”လို့ ရန်ကုန်လူငယ်ကွန်ယက်မှ နိုင်ငံလုံးဆိုင်ရာကွန်ယက်ချိတ်ဆက်တာဝန်ခံ မသဉ္ဇာရွှန်းလဲ့ရည် ကပြောပါတယ်။

နိုင်ငံတကာ လူငယ်များနေ့မတိုင်ခင် တစ်ပတ်အလိုမှာ လူငယ်များနေ့အကြောင်း ပြည်သူလူထုသိရှိနိုင်ဖို့ စာတမ်း၊ စာစောင်တွေ ဝေငှပြီး ပညာပေးဖို့ စီစဉ်ထားပါတယ်။

နိုင်ငံတကာ လူငယ်များနေ့က လူငယ်တွေအတွက် အခွင့်အရေးတစ်ခုဖြစ်တာကြောင့် ပြည်နယ်နဲ့တိုင်းဒေသ အသီးသီးမှာရှိတဲ့ လူငယ်အဖွဲ့တွေနဲ့ အထိမ်းအမှတ်ပွဲတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ ရန်ကုန်လူငယ်ကွန်ယက် က တိုက်တွန်းထားပါတယ်။

“ကိုယ်တွေနဲ့ သက်ဆိုင်နေတဲ့ အခုလူငယ်ပေါ်လစီကိုရေးဆွဲနေတယ်ဆိုရင် ဘယ်အကြောင်းအရာတွေ ပါချင်တယ်ဆိုတာကို အဲနေ့မှာထည့်သွင်းဆွေးနွေးသွားလို့ရတယ်။ ကိုယ့်ရဲ့လူထုကိုလည်း လူငယ်တွေ ခံစားနေရတဲ့အကြောင်းကို ကိုယ့်မိဘတွေ၊ ဆရာ ဆရာမတွေ၊ အလုပ်ရှင်တွေကို တောင်းဆိုနေတဲ့ အကြောင်း အရာတွေ သူတို့ကိုအကြံပေးချင်တဲ့ အကြောင်းအရာတွေ အဲ့နေ့မှာပြောဆိုလို့ရတယ်”လို့ မသဉ္ဇာရွှန်းလဲ့ရည် က ပြောပါတယ်။

နိုင်ငံတကာလူငယ်များနေ့ကို ၁၉၉၉ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က စတင်သတ်မှတ်ခဲ့တာဖြစ်ပြီး ကုလသ မဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေက စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ယခင်နှစ်တွေကတော့ နိုင်ငံတကာလူငယ်များနေ့ကို ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနိုင်တာမျိုးမရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ လူငယ်အဖွဲ့အစည်းတွေ စုပေါင်းပြီး ကျယ် ကျယ်ပြန့်ပြန့် ကျင်းပနိုင်ဖို့ စီစဉ်နေပါတယ်။

နဒီကို

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)