ရှစ်နှစ်အတွင်း သိန်းပေါင်း လေးထောင်ကျော် အကုန်ကျခံ ဆေးဝါးကုသပေးတဲ့ ပြည်မြို့က ပီတိအခမဲ့ဆေးခန်း

0
322

ပြည်မြို့မှာဖွင့်လှစ်ထားတဲ့ ပီတိအခမဲ့ဆေးခန်းသည် ရှစ်နှစ်ကျော်အတွင်း သိန်းပေါင်း လေးထောင်ကျော် အကုန်ကျခံကာ လူနာတွေကို ဆေးကုသမှုပေးခဲ့ပါတယ်။

ဒီဆေးခန်းကို ခေတ္တရာလူငယ်များသာရေး၊ နာရေးအသင်းက ၂၀၀၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီး ဆေးကုသပေး နေတာဖြစ်ပါတယ်။

“တစ်ချို့သော ကွယ်လွန်သွားတဲ့ လူတွေအနေနဲ့က ဆုံးတာဆုံးသွားခဲ့တယ်။ တကယ်တမ်း သူသေဆုံးသွားတဲ့ အနေအထားမှာ သူ့ရောဂါအမှန် ငွေရေးကြေးရေး တတ်နိုင်တယ်ဆိုရင် သေလောက်စရာ ဖြစ်တဲ့အခြေအနေ မဟုတ်ဘူး။ တစ်ချို့ကျတော့ ဆေးဖိုးမတတ်နိုင်လို့ သေရတာ ဒါရှင်းရှင်းပြောရရင် ဆေးဖိုးမတတ်နိုင်လို့ ဆုံးသွားတဲ့ အပိုင်းတွေရှိတာပေါ့”လို့ ပီတိအခမဲ့ဆေးခန်း အတွင်းရေးမှူး ကိုကျော်သူစိုးက ပြောပါတယ်။

ဆေးခန်းကို စတင်တည်ထောင်ခါစက တစ်နေ့ကိုလူနာ(၂၅)ဦးသာ ဆေးကုပေးနေရာကနေ အခုဆိုရင် နေ့စဉ် (၁၀၀)နီးပါးကို ဆေးကုသပေးနေတာဖြစ်ပါတယ်။

ဆေးကုသချိန်က မနက် ၇နာရီခွဲကနေ ၁၀ နာရီအထိဖြစ်ပြီး လူနာတစ်ယောက် ဆေးခန်းပြဖို့အတွက် ၁ ရက် ကြိုတင်စာရင်းပေးရမှာဖြစ်ပါတယ်။ နယ်ဝေးကလာရောက်သည့် လူနာတွေအတွက် သပ္ပါယသုခနားနေဆောင် ဆောက်လုပ်ပေးထားပြီး အနည်းဆုံးလူနာ လေးယောက်တည်းခိုနိုင်ပါတယ်။

“အကျိုးရှိတာပေါ့၊ လူ့ရဲ့အသက်တစ်ချောင်းအထိကို အကျိုးရှိတယ်”လို့ ပီတိဆေးခန်းမှာ ရှစ်နှစ်ကျော် ဆေးကုသခံနေသူ ရွှေတောင်မြို့က ဆီးချို၊ သွေးချိုရောဂါသည် ဒေါ်ခင်ထူးက ပြောပါတယ်။

ဆေးခန်းကို ငွေကျပ်ငါးသိန်းနဲ့စတင် တည်ထောင်ခဲ့တာဖြစ်ပြီး တာဝန်ခံဆရာဝန် တစ်ယောက်၊ လက်ထောက် ဆရာဝန် လေးယောက်နီးပါးနဲ့ ဆေးကုသပေးနေပြီး အသေးစားခွဲစိတ်ခန်းတစ်ခုကိုလည်း ဖွင့်လှစ်ကုသပေး နိုင်ပြီဖြစ်ပါတယ်။

“ပီတိရဲ့ ရပ်တည်ချက်သည် ၂၀၀၆ ခုနှစ်ကနေ ဒီနေ့အချိန်အထိ ကိုယ်တို့ လုပ်ချင်စိတ်နဲ့သာ လုပ်နေတာ တကယ်တမ်းတော့ ကိုယ်တို့မှာ ငွေကြေးပြည့်စုံလို့ မဟုတ်ဘူး။ အခုအချိန်အထိပီတိမှာ ဆေးဝါးရန်ပုံငွေအဖြစ် ဘဏ်ထဲမှာထည့်ထားနိုင်တဲ့ ငွေတစ်ပြားမှ မရှိသေးဘူး။ ခုနကငါးသိန်းကုန်ရင် ရပ်မယ်ဆိုတဲ့ အခြေအနေကနေ ဒီနေ့အထိတော့ ဆက်တိုက်တော့ သွားနေတယ်။ ပုံမှန် ဆေးပဒေသာပင်အဖြစ် ထည့်ထားနိုင်တာ မရှိသေးဘူး၊ ရပ်တော့ မသွားသေးဘူး။ ဆက်တော့လုပ်နေတယ်။ လုပ်နိုင်သရွေ့ကတော့ ကိုယ်တို့လုပ်နေပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေကတော့ ရှိတယ်”လို့ ကျော်သူစိုးက ပြောပါတယ်။

ပီတိဆေးခန်းမှာ TB ဆေးပေးခွင့်ဖြစ်တဲ့ DOTS ပါရရှိထားတာဖြစ်ပြီး ပြည်မြို့တစ်ဝက်က လူနာတွေအပြင် ဧရာဝတီမြစ် နောက်ဘက်ခြမ်းက မြို့နဲ့ မကွေးတိုင်း မြို့တွေက လူနာတွေတောင် လာရောက်ပြသကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)