ပြည်ထောင်စုလူငယ်စင်တာ (Union Youth Center) ရဲ့ ဖွဲ့စည်းပုံအခြေခံမူကြမ်း အတည်ပြု

0
378

မြန်မာနိုင်ငံမှာ ပထမဆုံးပေါ်ပေါက်လာမယ့် ပြည်ထောင်စုလူငယ်စင်တာ(Union Youth Center) ဖွဲ့စည်းပုံ အခြေခံမူကြမ်းကို လူငယ်ကိုယ်စားလှယ်တွေက ဇူလိုင်လ ၂၆ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် တိမွေးကုဦးစီးဌာန၀န်းအတွင်းမှာရှိတဲ့ ပြည်ထောင်စုလူငယ်စင်တာအဆောက် အအုံမှာ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးက လူငယ်ကိုယ်စားလှယ်တွေနဲ့ လူငယ့်အရေးဆောင်ရွက်နေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်စုစုပေါင်း ၁၀၀ ကျော်က ဆွေးနွေးပြီး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့တွေရဲ့ အသံတွေ ဥာဏ်စွမ်းတွေ ထုတ်ဖော်ခွင့်တွေ လူငယ်တွေရဲ့ စွမ်းအားတွေ အတွေးအခေါ် အမြင်အသစ်တွေ ဒါမျိုးတွေရလာမယ်။ နောက်ပြီးတော့ ကျွန်တော်တို့တွေရဲ့ လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေ လည်းရလာလိမ့်မယ်။ အစိုးရနဲ့ပတ်သက်တဲ့ လူငယ်တွေကို မြေတောင်မြှောက်ပေးမှုတွေ လူငယ်တွေရဲ့ လိုအပ်ချက်တွေကို အစိုးရဘက်ကလူကြီးတွေကလည်း အခွင့်အရေးအများကြီးပေးလာမယ်လို့” မကွေးလူငယ် ကွန်ယက်မှ ကိုဝေယံအောင်ကပြောသည်။

ဒီလိုလူငယ်ကိုယ်စားလှယ်တွေ အတည်ပြုလိုက်ပြီးဖြစ်တဲ့ ပြည်ထောင်စုလူငယ်စင်တာရဲ့ ဖွဲ့စည်းပုံအခြေခံမူ ကြမ်းနဲ့ ပတ်သက်ပြီးလူငယ့်ရေးရာကိစ္စတွေကို တာဝန်ယူဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ မကြာခင်မှာ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အတည်ပြုပြီးတဲ့နောက်မှာ အစိုးရအဖွဲ့နဲ့ ပြန်လည်ညှိနှိုင်းဖိှု့ရှိပါတယ်။ အစိုးရမှာလူငယ်ရေးရာ ၀န်ကြီး သုံးပါးရှိတယ်။ စွမ်းအင်ဝန်ကြီး၊ မီးရထားဝန်ကြီး၊ ဘဏ္ဍာအခွန်ဝန်ကြီးရှိတယ်။ သုံးယောက်ကို ကျွန်တော်တို့က ပြန်ပြီးတော့ တွေ့ရမှာပေါ့။ လူငယ်တွေဘက်က လိုလားချက်ကတော့ ဒီလိုရှိတယ်။ ဒီလူငယ်စင်တာကို ဒီလိုလေးနဲ့သွားစေချင်တယ်ဆိုတာလေးကို ပြန်ပြောရမယ်။ သူတို့ဘက်ကလည်း ပြန်ပြီး မှတ်ချက်ပေးပေါ့။ ဒီလိုနဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု၊ နားလည်မှုနဲ့ လူငယ်စင်တာကိုဖွင့်ကြမှာပါ”လို့ နေရှင်နယ် လူငယ်ကွန်ဂရက်မှ ကိုသက်ဆွေဝင်းကပြောပါတယ်။

အတည်ပြုလိုက်ပြီဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံမူကြမ်းထဲမှာတော့ ပြည်ထောင်စုလူငယ်စင်တာ ဒါရိုက်တာအဖွဲ့ကို လူငယ်ကိုယ်စားလှယ် ၁၁ ဦးနဲ့ ဖွဲ့စည်းထားပြီး၊ အကြံပေးအဖွဲ့ကိုတော့ ၇ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

ဒါရိုက်တာအဖွဲ့နဲ့ အကြံပေးအဖွဲ့ဝင်တွေဟာ တစ်လကိုတစ်ကြိမ် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခြင်း စင်တာရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို လူငယ်ကိုယ်စားလှယ် တွေကလွတ်လပ်ပြီး ပွင့်လင်း မြင်သာမှုရှိရှိနဲ့ မဲပေးရွေးချယ်ခွင့်ရှိဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

 

“လူငယ်စင်တာတစ်ခု ကျွန်မတို့နိုင်ငံမှာတခြားသော နိုင်ငံတွေနည်းတူရှိလာခဲ့မယ်ဆိုရင် ကျွန်မတို့တွေရဲ့ အဖွဲ့ အစည်းတစ်ခုမှာတင်မဟုတ်ဘူး။ နိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသားလူငယ်တွေ အဖွဲ့အစည်း အသီးသီးကလူငယ် တွေအတွက် စုံစည်းနိုင်ပြီးတော့ တိုင်းရင်းသားလူငယ်တွေ ပေါင်းစည်းနိုင်ပြီး စုပေါင်းလုပ်ဆောင်နိုင်တဲ့ နေရာတစ်ခုလူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကိုလည်း ဘယ်သူကမှ ၀င်ရောက်စွက်ဖက်နိုင်ခြင်းမရှိဘဲ ပုံဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ရင်းနဲ့ ဒီအစည်းအဝေးကိုတက်သွားမယ် ဆွေးနွေးသွားပါ့မယ်”လို့ စစ်ကိုင်း လူငယ်ကွန်ယက်မှ မသန့်ဝေကျော်က ပြောပါတယ်။

အဲ့ဒီပြည်ထောင်စုလူငယ်စင်တာရဲ့ လှုပ်ရှားမှုတွေနဲ့ မူဝါဒတွေကို ပေါ်ပေါက်လာမယ့် ဒါရိုက်တာအဖွဲ့က အပြည့်အ၀ဆုံးဖြတ်ခွင့်ပြုဖို့ အချက်တွေနဲ့အတူ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ ပြည်ထောင်စုလူငယ် စင်တာခွဲတွေကိုဖွင့်လှစ်ဖို့ အချက်တွေထည့်သွင်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)