ခါကာဘိုရာဇီတောင်ကို တက္ကသိုလ်ခြေလျင်နဲ့ တောင်တက်အသင်း တက်ရောက်မည်

0
365

တက္ကသိုလ်ခြေလျင်နဲ့ တောင်တက်အသင်းဟာ သြဂုတ်လမှာ မြန်မာနိုင်ငံရဲ့အမြင့်ဆုံး ရေခဲတောင်ဖြစ်တဲ့ ခါကာဘိုရာဇီတောင်ကို တက်ရောက်မှာဖြစ်တယ်လို့ ဇွန်လ၂၉ ရက် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီမှာ ပြုလုပ်ခဲ့တဲ့ ၁၉ ကြိမ်မြောက် တောင်တက်အသင်း မိတ်ဆုံဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။

အဲ့ဒီလို တက်ရောက်ဖို့အတွက် လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပြီး၂၀၁၂ ခုနှစ်ကအသင်း အနေနဲ့ ခါကာဘိုရာဇီတောင်ကို ရှေ့ပြေးအနေနဲ့ လေ့လာရေး သွားရောက်ခဲ့ပါတယ်။

တောင်တက်မည့် အဖွဲ့မှာ ခုနှစ်ဦးပါဝင်မှာဖြစ်ပြီး လူအများစုက လူငယ်တွေဖြစ်ကြကာ အမျိုးသမီးတစ်ချို့ လည်းပါဝင်မှာပါ။

“တက္ကသိုလ် အသီးသီးမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ခြေလျင်နဲ့ တောင်တက်ခရီးတွေကို ကူညီနိုင်ဖို့၊ လူငယ် လူရွယ်တွေရဲ့ ရဲဝံ့စွန့်စားလိုတဲ့စိတ်၊ သဘာဝကိုချစ်မြတ်နိုးစေလိုတဲ့စိတ် စတာတွေကို အသင်းအနေနဲ့ အတတ်နိုင်ဆုံး ကူညီပံ့ပိုးနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တယ်”လို့ အသင်းရဲ့ အမှုဆောင်တစ်ဦးဖြစ်သူ ကိုထွန်းနောင်အောင် ကပြောပါတယ်။

တောင်တက်ရောက်နိုင်ဖို့ကို ပြည်တွင်း စီးပွားရေးလုပ်ငန်းတစ်ချို့က ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးထားပြီး တောင်တက် ခရီးစဉ်အတွင်းမှာ လူမှုအကျိုးပြု လုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

လက်ရှိ တောင်တက်အသင်းမှာ အသင်းဝင်အင်အား ၂၀၀ နီးပါးရှိပြီး တက္ကသိုလ်ခြေလျင်နဲ့ တောင်တက် အသင်းက နှစ်စဉ်ခရီးစဉ် အသေးနှစ်ခု၊ အကြီးတစ်ခုတို့ကို စီစဉ်ဆောင်ရွက်နေပြီး ပြည်ပတောင်တက်ခရီးစဉ် အနေနဲ့ကတော့ တရုတ်ပြည်မှာရှိတဲ့ မီတာ ၅၀၀၀ ကျော်ရှိရေခဲတောင်တစ်ခုကို တက်ရောက်ခဲ့ပြီးဖြစ်ပါတယ်။

အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီရေခဲတောင်ကို ၁၉၉၆ ခုနှစ်က ဂျပန်လူမျိုး အိုဇာကီနဲ့ တိဗက်လူမျိုး မြန်မာနိုင်ငံသား နမားဂျွန်ဆင် တို့တက်ရောက်ခဲ့ဖူးပါတယ်။

ဇွဲပိုင်ဦး

 

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)