လူငယ်ရုပ်ရှင်ပွဲတော်မှ ဆုရဒါရိုက်တာများ ၁၀ ရက်ကြာမှ ဆုကြေးငွေလက်ခံရရှိ

0
290

မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ကျင်းပခဲ့တဲ့ လူငယ်ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့ကြတဲ့ ဒါရိုက်တာတွေ ကိုပွဲစီစဉ်သူ မြန်မာနိုင်ငံလူငယ်များအစည်းအရုံး(MYU) က ဆုကြေးငွေ အချိန်မှီမချီးမြှင့်နိုင်ခဲ့ပဲ ၁၀ ရက်ကြာပြီး မှ ဆုရလူငယ်တွေ ဆုကြေးငွေကို လက်ခံရရှိခဲ့ကြတာဖြစ်ပါတယ်။

လူငယ်ရုပ်ရှင်ပွဲတော်မှာ တစ်စိတ်တစ်ပိုင်းပါဝင်ထောက်ပံ့ပေးထားတဲ့ ပါရမီစွမ်းအင် ကုမ္ပဏီက သြဂုတ် လ(၂၂)ရက်နေ့ကျင်းပတဲ့ ဆုကြေးကိစ္စနဲ့ ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှာ မူလပေးအပ်မယ်လို့ MYU နဲ့သဘောတူထားတဲ့ ဆုသုံးဆုအတွက် ဆုကြေးငွေ သိန်း(၃၀)ကို MYU ကနေတစ်ဆင့်လူငယ်ဒါရိုက်တာတွေ ကို ပြန်လည်ချီးမြှင့်ခဲ့ပါတယ်။

ဒီလိုပေးအပ်ချီးမြှင့်တဲ့နေရာမှာတော့ ဆုရဒါရိုက်တာ ၄ ဦးထဲက ကုမ္ပဏီက တာဝန်ယူထားတဲ့ ဒါရိုက်တာ သုံးဦးကိုပဲ ဆုကြေးငွေ တစ်ဦးကို ၁၀ သိန်းစီ ပေးအပ်ချီးမြှင့်လိုက်တာဖြစ်ပါတယ်။

“ကျွန်မတို့ကို ၁၂ ရက်နေ့မှာ ပေးမယ်ဆိုတာကလည်း ကတိမတည်ခဲ့ပါဘူး။ ၁၉ ရက်နေ့မှာလည်း ကတိမ တည်ခဲ့ပါဘူး။ ဒီနေ့ဒီအချိန်ထိလုံးဝမဆက်သွယ်ခဲ့ပါဘူး။ ကျွန်မတို့ ဖြစ်စေချင်တာကတော့ လူငယ်တွေ အချင်း ချင်းလုပ်ကြတဲ့ ပွဲမှာလူငယ်တွေ အချင်းချင်းလေးစားမှုရှိစေချင်တာပါ။ အဲ့ဒါကိုအဓိကရည်ရွယ်ပြီးတော့ ဒီပွဲလေးကို လုပ်ဖြစ်တာပါ”လို့ Violence Against Violence ရုပ်ရှင်ကားဖြင့် မှတ်တမ်းရုပ်ရှင်ဆုရရှိသူဒါရိုက်တာ ခင်စုကြည်ကပြောပါတယ်။

ရုပ်ရှင်ပွဲတော်ကို တစ်စိတ်တစ်ပိုင်းပါဝင်ထောက်ပံ့ ကူညီပေးထားတဲ့ ပါရမီစွမ်းအင် ကုမ္ပဏီကတာဝန် ရှိသူတွေနဲ့ မြန်မာနိုင်ငံလူငယ်များအစည်းအရုံး (MYU) တို့အကြား ရုပ်ရှင်ပွဲတော်ဖွင့်ပွဲနေ့က ပြဿနာ ဖြစ်ပွားရာကနေ ဒီလိုဆုကြေးပေးအပ်ဖို့ အစီအစဉ်တွေ နောက်ကျခဲ့ရတယ်လို့ သိရပါတယ်။

“ဆုရတဲ့ လူတွေအတွက်လည်း တကယ်ကိုဂုဏ်ယူဖို့ကောင်းသလို ဒီပွဲလေးဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ မြန်မာနိုင်ငံလူငယ်များအစည်းအရုံးကိုလည်း တကယ်ကိုချီးကျူးပါတယ်။ ဦးတို့လည်း ဒီပွဲလေးနဲ့ ပတ်သတ်ပြီး ပံ့ပိုးကူညီရကျိုးနပ်တယ်။ အဲ့ဒီမှာမှ ဘာမဟုတ်တာလေးကြောင့် အုတ်အော်သောင်း နင်းဖြစ်သွားရတာပေါ့နော်။ လူတစ်ယောက်ရဲ့ မဖြစ်သင့်တဲ့အမှားကို မဖြေရှင်းဘဲနဲ့ ရှေ့ဆက်ပြီးဖုံးကွယ် လိမ်ညာနေတဲ့အတွက် အဲ့ဒီမှာပဲပတ်ချာလည်ပြီးတော့ အမှားမကင်းတာပါ။ အမှန်တကယ်ဆိုလာပြီးတော့ ‘‘ဟုတ်တယ် ဦးရေ၊ ကျွန်တော်တို့ ဒီလိုဒီလိုဖြစ်သွားတယ်လို့သာ လာတောင်းပန်ခဲ့ရင် ဦးတို့ဘက်က ခွင့်လွှတ်ဖို့ အဆင်သင့်ပါပဲ’’ သူတို့လာတယ်ဆိုတာမှန်တယ်ဆိုပေမဲ့ ဆက်သွယ်ရမှာက ကိုဇွဲရန်နိုင် ကိုယ်တိုင်ဆက်သွယ် ရမှာ”လို့ ပါရမီစွမ်းအင်ကုမ္ပဏီမှ ဦးအောင်မျိုးရှိန် ကပြောပါတယ်။

မြန်မာနိုင်ငံလူငယ်များအစည်းအရုံး (MYU) ကတော့ ဒီပြဿနာအပေါ် ပံ့ပိုးကူညီသူကုမ္ပဏီနဲ့ ဆုရ ဒါရိုက်တွေကို တောင်းပန်ထားတာပါ။

“ကျွန်တော့်ကိုအဖွဲ့က ပေးအပ်ထားတဲ့ တာဝန်၊ ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်ထဲကနေမှ ဒီရုပ်ရှင်ပွဲတော်ကို ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့လက်ခံလိုက်တာဖြစ်ပါတယ်။ အခုလို ငြင်းပယ်လိုက်လို့ ဒီလိုတွေဖြစ်မယ်ဆိုတာ သိတဲ့အတွက် ကျွန်တော် တာဝန်ယူပြီးဖြေရှင်းဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ပါရမီစွမ်းအင်ကုမ္ပဏီဘက်ကို ဖြေရှင်းဖို့အတွက် သွားရောက်တာတွေ တောင်းပန် စာတွေပို့ခဲ့ပေမဲ့ အတွေမခံတာတွေ ကြားထဲမှာရှိခဲ့ပါတယ်။ ဒါတွေက အမြင်လွဲတာပေါ့”လို့ မြန်မာနိုင်ငံလူငယ် များအစည်းအရုံး(MYU)မှ ဥက္ကဌ ကိုဇွဲရန်နိုင်ကပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ လူငယ်ရုပ်ရှင်ပွဲတော်မှာ လူကြိုက်အများဆုံးရုပ်ရှင်ကားဆုကို ရရှိခဲ့တဲ့ ဒါရိုက်တာကိုမျိုးမင်းထွေးကတော့ ဆုငွေ ကျပ် ၁၀ သိန်းထဲကမှ ဆုငွေ ကျပ် နှစ်သိန်းကို MYU ထံမှ လက်ခံရရှိထားတယ်လို့ ပြောပါတယ်။

အဲ့ဒီရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကို Violence Against Violence ရုပ်ရှင်ကား၊ အကောင်းဆုံးဇာတ်လမ်းတို ရုပ်ရှင်ဆုကို Chicken Curry၊ အကောင်းဆုံးကွန်ပျုတာအထူးပြုလုပ်ချက် ရုပ်ရှင်ဆုကို Save the World ရုပ်ရှင်ကားနဲ့ လူကြိုက်အများဆုံးရုပ်ရှင်ဆုကို ပန်းလှိုင်ရုပ်ရှင်ကားက ရရှိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)