အသစ်တွေ့ရှိတဲ့ အစောဆုံး ခေတ်လူသား မော်ရိုကို ရုပ်ကြွင်း

0
2383

အီသီယိုးပီးယားဟာ အစောဆုံး အဆင့်မြင့်လာတဲ့ လူသားမျိုးနွယ်လို့ သတ်မှတ်လို့ရတဲ့ Homo Sapiens ကို တွေ့ရတဲ့ နေရာဒေသဖြစ်ပြီး အာဖရိကအရှေ့ပိုင်းကတော့ လူသားတွေရဲ့ အစပျိုးရာနေရာလို့ သတ်မှတ်ထားခဲ့ကြပါတယ်။

ဒါပေမယ့် အခု အဲဒီထက် စောတယ်လို့ ပြောလို့ရတဲ့ အထောက်အထားကို မော်ရိုကိုမှာ ရှိတဲ့ ဂျေဘယ် အိုင်ရော် (Jebel Irhoud) မှာ တွေ့ရှိထားပါတယ်။ ရှည်လျားလှတဲ့ မနုဿဗေဒဆိုင်ရာ ပုံပြင်ကြီး တစ်ပုဒ်ဟာလည်း ပိုမိုရှုပ်ထွေးတဲ့ အနေအထားကို ရောက်လာပါပြီ။

 

လူသားဖြစ်စဉ်ကို ရှာဖွေခဲ့ကြတဲ့ သမိုင်းတလျှောက်မှာ အစောဆုံး အထောက်အထား ဆိုတာတွေဟာ

အာဖရိကမှာပဲ တွေ့ရှိခဲ့ရတာ ဖြစ်တဲ့အတွက် Out of Africa ဆိုတဲ့ တွေးဆချက်အတွက်

ပဟေဠိအဖြစ် ရှိနေသေးပေမယ့် အခုထိကတော့ တွေ့ရသမျှ အထောက်အထားတွေက Inside Africa ဆိုတဲ့

တွေးဆချက်ဘက်ကိုပဲ အလေးသာနေတာ တွေ့ရပါတယ်။

 

လူသားမျိုးနွယ်ရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို တခြားတိုက်တွေမှာ မတွေ့တော့ဘူးလား ဆိုတဲ့ မေးခွန်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

လူသားရဲ့ ဖြစ်တည်မှုသမိုင်းနဲ့ ပတ်သက်လို့ နှစ်တစ်သိန်းမှာ တွေ့ရှိရတဲ့ ဟိုမိုဆေးပီးယန်း (Homo Sapiens) လို့ခေါ်တဲ့ ခေတ်လူ လူသားဟာ ရှာဖွေ သုတေသနပြုမှုတွေထဲမှာ အစောဆုံးသော ခေတ်လူတွေရဲ့ ဘိုးဘွားဘီဘင်ပဲ ဖြစ်ပါတယ်။

မော်ရိုကိုနိုင်ငံ၊ မြို့တော် ရာဘက်နဲ့ မိုင် ၂၅၀ လောက်ဝေးတဲ့ သတ္တုမိုင်းတွင်း တူးဖော်ရေးတစ်ခုကနေ တွေ့ရှိခဲ့တဲ့ ဒီရုပ်ကြွင်းတွေကို ဂျာမနီနိုင်ငံ၊ လိုက်ပဇစ်မှာရှိတဲ့ မနုဿဗေဒ ဆင်ကဲ့ဖြစ်စဉ်လေ့လာရေး မက်စ်ပလန့် အင်စတီကျုကို ပို့ဆောင်ခဲ့ပါတယ်။

အဲဒီ အင်စတီကျုရဲ့ သာမိုလူမီနီးဆင့် နည်း (Thermoluminescence dating) နဲ့ သုံးတဲ့ ဓာတ်ခွဲခန်းမှာ အဆိုပါ ရုပ်ကြွင်းကို အဆင့်မြင့်တဲ့ သက်တမ်း တွက်ချက်မှု နည်းစနစ်နဲ့ ခန့်မှန်းနိုင်ခဲ့ပါတယ်။

ဂျေဘယ် အိုင်ရော်မှာ ဟိုမိုဆေးပီးယန်းလူတွေရဲ့ အကြွင်းအကျန်တွေ ဖြစ်တဲ့ ကျောက်လက်နက်တွေကို ရှေးဟောင်းသုတေသန ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သာမိုလူမီနီးဆန့်နည်းပညာရဲ့ တွေ့ရှိခဲ့တဲ့ အထောက်အထားကတော့ ဒီကျောက်လက်နက်တွေဟာ မီးသင့်ခဲ့တဲ့ အနေအထားမှာ ရှိနေတယ်ဆိုတာ ပြောနိုင်တာပါပဲ။

ဒီနည်းပညာက ၁၀ ရာခိုင်နှုန်းလောက်တော့ လွဲချော်မှု ရှိနိုင်ပါတယ်။ အခု တွေ့ရှိရတဲ့ ရုပ်ကြွင်းတွေဟာ လွန်ခဲ့တဲ့ နှစ် သုံးသိန်းက ဖြစ်တဲ့အတွက် စောခဲ့ရင် နှစ်သုံးထောင် စောမှာ ဖြစ်ပြီး၊ နောက်ကျရင်လည်း နှစ်သုံးထောင် နောက်ကျနိုင်ပါတယ်။

အပိုင်းပိုင်း ကျိုးပျက်နေတဲ့ ရုပ်ကြွင်းတွေကို ပြန်လည်ဆက်စပ်ပြီး 3D ပုံစံတစ်ခု ထွက်လာအောင် လုပ်ကိုင်ရတဲ့ နေရာမှာ 2D X Ray နည်းပညာနဲ့ CT Scan လုပ်တဲ့ နည်းပညာတွေက အကြီးအကျယ် အထောက်အပံ့ ပေးခဲ့ပါတယ်။
ဒီလို အရိုးစတွေကို ပြန်လည် တည်ဆောက်ပြီး ပုံစံတစ်ခုအဖြစ် ထွက်လာအောင် ဆက်စပ်တာဟာ လူ့ခန္ဓာဗေဒကို သိဖို့ တစ်ခုတည်းတင် မဟုတ်ပါဘူး။ သူတို့ရဲ့ နေထိုင်တဲ့ သဘာဝနဲ့ လူနေမှုပုံစံတွေကိုပါ သိရှိစေချင်လို့ပါလို့ လူသားဆင့်ကဲဖြစ်ပေါ်မှု လေ့လာရေးဌာန ဒါရိုက်တာ ယန်း ယက် ဟူဘလင်က ပြောပါတယ်။

နှစ် သုံးသိန်းအတွင်းမှာ အများကြီး ဖြစ်ပျက်နိုင်ပါတယ်၊ အထူးသဖြင့် ဦးနှောက်ပါ၊ ဦးခေါင်းခွံထဲက ဦးနှောက်နေရာဟာ ကြီးပါတယ်လို့ ဟူဘလင်က ပြောပါတယ်။ တွေ့ရှိတဲ့ ပရိုင်းမိတ်တွေကို လူသားဖြစ်၊ မဖြစ် ဆိုတာ တိုင်းတာတဲ့အခါ ဦးနှောက်ရဲ့အရွယ်အစားက အဓိကပါ။

ဒီနေ့လူသားတွေရဲ့ ဦးနှောက် အရွယ်အစားဟာ ၁၂၀၀ ကနေ ၁၃၀၀ စီစီ ရှိပါတယ်။ ဟိုမိုဆေးပီးယန် ဆိုတဲ့လူထက် ရှေးကျတဲ့ Homo Erectus လိုခေါ်တဲ့ မတ်တပ် လမ်းလျှောက်နိုင်ပြီဖြစ်တဲ့ လူသားမှာဆိုရင် ဦးနှောက်ဆိုဒ်ဟာ ၉၀၀ ကနေ ၁၁၀၀ စီစီ အထိပဲရှိပြီး လူနဲ့အနီးစပ်ဆုံး လူဝံ၊ မျောက်ဝံရဲ့ ဦးနှောက်ကတော့ ၆၀၀ စီစီပဲ ရှိပါတယ်။

ကျွန်တော်တို့ သံသယရှိတာက ရုပ်သွင်ပြင်ခြားနားတာတင် မဟုတ်ဘဲ သူတို့ရဲ့ ဦးနှောက်အတွင်းပိုင်းက အလုပ်လုပ်တဲ့ သွယ်တန်း ဆက်စပ်မှုတွေကိုလည်း သိချင်နေတာဖြစ်ပါတယ်။ ဒီမော်ရိုကို ရုပ်ကြွင်းနဲ့ အခုခေတ်လူတွေရဲ့ ဆက်စပ်မှုအတွက် ဇာတ်ညွှန်း တစ်ခုကတော့ ဦးနှောက်ဖွံ့ ဖြိုးမှု ဖြစ်စဉ်ပါပဲ။

ဒီနေရာမှာ ရှင်းလိုတာက Hominids လို့ခေါ်တဲ့ လူ့မျိုးနွယ်ကိစ္စပါ။ အရှေ့အာဖရိကမှာ အစောဆုံး တွေ့ရတဲ့ လူစီ (Lucy) ရဲ့ အရိုးစု သက်တမ်းဟာ နှစ်ပေါင်း ၃.၁ သန်း ရှိပါ တယ်။ ဒါဟာ အစောဆုံး အထောက်အထားပါ။ ဒါပေမယ့် ဒီလူစီဟာ ခေတ်လူလို့ ပြောလို့ရတဲ့ Modern man မဟုတ်သေးပါဘူး။

ကမ္ဘာမှာ အစောဆုံးတွေ့ရတဲ့ ခေတ်လူလို့ ပြောလို့ရတဲ့ Homo Sapiens ရဲ့ အထောက်အထားဟာလည်း အာဖရိကမှာပဲ တွေ့ရှိတာဖြစ်ပြီး နှစ်ပေါင်း ၁ သိန်းနဲ့ ၁ သိန်းခွဲ ကြားကာလအတွင်းက ဖြစ်ပါတယ်။

အခု မော်ရိုကိုမှာတွေ့ရတဲ့ Homo Sapiens အမျိုးအစားဟာ နှစ်ပေါင်း သုံးသိန်းဖြစ်တဲ့အတွက် အာဖရိကမှာ တွေ့တဲ့ အစောဆုံးခေတ်လူရဲ့ အထောက်အထားကို ပြင်ဆင်ပြီး စာမျက်နှာသစ် ရေးရမှာ ဖြစ်ပါတယ်။

ကနောင်ဖြူ

Ref: CNN

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)