ဥပဒေနဲ့ ထိန်းချုပ်ဖို့ လိုအပ်နေတဲ့ အသံချဲ့စက် ပြဿနာ (ဆောင်းပါး)

0
444

thway

မြန်မာနိုင်ငံရဲ့ မြို့ပြမှာရော၊ ကျေးလက်မှာပါ နေ့စဉ်နဲ့အမျှ တွေ့ကြုံနေရတာက ဆူညံသံ ပြဿနာဖြစ်ပါတယ်။ ကျွန်မတို့ဟာ လူ့ သဘာဝအရ ဆူညံသံနဲ့ သာယာသံမှာ သာယာသံကိုပဲ နှစ်သက်ကြပါတယ်။ ဒါပေမဲ့ အရင်ကထက် ပိုမိုဆိုးဝါးလာနေတဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဆူညံသံနဲ့ ပတ်သက်ပြီး အဖြေရှာဖို့ လိုအပ်နေပါပြီ။

ဘ၀ရှင်သန်မှုအတွက် မနက်မိုးလင်းကတည်းက ရုန်းကန်လှုပ်ရှားနေကြရလို့ ညဘက်မှာ ကောင်းကောင်းမွန်မွန် အိပ်စက် အနားယူ ချင်ကြပါတယ်။ နေရာပေါင်းစုံက ထွက်ပေါ်နေတဲ့ ဆူညံသံတွေကြောင့် အိပ်ကောင်းခြင်း မအိပ်ရ၊ နားကောင်းခြင်း မနားရတဲ့အခါ ကျန်းမာရေးပါ ထိခိုက်လာမှာဖြစ်ပါတယ်။

“ရပ်ကွက်တစ်ခုတည်းကို အလှူခံကား (ဒါမှမဟုတ်) ဆိုက်ကားဝင်လာတာနဲ့ အသံချဲ့စက်အသံကပါ အကျယ်ကြီးဖွင့်ထားတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါ”

နံနက် ၃း၃၀ နာရီ လောက်ကတည်းက အသံချဲ့စက်ဖွင့်တဲ့နေရာတွေမှာ နေထိုင်ရသူတွေကို ကျွန်မ မေးကြည့်တဲ့အခါ အားလုံးလိုလိုက အိပ်ရေးပျက်ရသလို အိပ်ရေးမ၀ဖြစ်ရတယ်။ ပြောပြန်ရင်လည်း ပြဿနာတက်မှာစိုးလို့ ကြိတ်မှိတ်ခံစားနေရတဲ့အကြောင်း ပြောပြဖူးပါ တယ်။ ကုသိုလ်ရေးအတွက် ဆွမ်းလောင်းလှူတာဟာ အလွန်ကောင်းမွန်တဲ့ကိစ္စပါ။ ဒါပေမဲ့ ဆွမ်းလောင်းတာနဲ့ မပတ်သက်တဲ့ သီချင်း တွေကို တစ်လမ်းလုံးကြားအောင် ဖွင့်တဲ့အခါ ကြားရသူတွေမှာလည်း အကုသိုလ် ဖြစ်ရပါတယ်။ တကယ်လို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆွမ်းလောင်းလှူရင် ပတ်ဝန်းကျင်အတွက်လည်း အဆင်ပြေသလို ကုသိုလ်လည်း ရနိုင်မှာပါ။ လှိုင်မြို့နယ်၊ (၁)ရပ်ကွက်မှာ နေထိုင်ခဲ့စဉ် တုန်းက နံနက်အစောပိုင်းဖွင့်တဲ့ အသံချဲ့စက်ကြောင့် တော်တော် စိတ်ညစ်ခဲ့ရပါတယ်။ ပုဇွန်တောင်၊ (၈) ရပ်ကွက်၊ ဝတ်ကျောင်း လမ်းက ဓမ္မာရုံဟာ အလွန် ချီးကျူးစရာကောင်းတဲ့ ဓမ္မာရုံပါ။ ဆွမ်းလောင်းပတ်ဖြစ်တဲ့ တနင်္ဂနွေမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆွမ်းလောင်း လှူတာမို့ တခြားရပ်ကွက်က ဓမ္မာရုံတွေလည်း အတုယူ သင့်ပါတယ်။

နောက်တစ်ခုက အလှူခံကိစ္စပါ။ ရပ်ကွက်တစ်ခုတည်းကို အလှူခံကား (ဒါမှမဟုတ်) ဆိုက်ကားဝင်လာတာနဲ့ အသံချဲ့စက်အသံကပါ အကျယ်ကြီးဖွင့်ထားတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ တရားဝင်ခွင့်ပြုချက် ယူလား၊ မယူလား မသိပေမဲ့ တချို့ အလှူခံကားတွေက နေရာတစ်နေရာတည်းမှာ တစ်နာရီလောက် ရပ်ထားပြီး အလှူခံပုဂ္ဂိုလ်က မိုက် မလွှတ်တမ်း စကားပြောလိုက်၊ သီချင်းတွေဖွင့်လိုက်နဲ့ ပတ်ဝန်းကျင်ကို လုံးဝ အားနာသမှုမရှိပါဘူး။ အလှူခံတွေသာမက ဈေးသည် တွေပါ လက်ကိုင်အော်လံတွေနဲ့ ဈေးရောင်းတော့ ပတ်ဝန်းကျင်မှာ ဆူညံပြီးရင်း ဆူညံရင်း ဖြစ်နေပါတယ်။ ရေသန့်ရောင်းသူ၊ သစ်သီး ရောင်းသူကအစ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာကို အုပ်ချုပ်ရေးပိုင်းကလည်း တားမြစ်မှု မရှိပါဘူး။

“အသံချဲ့စက်လို့ပြောရင် လူများစုက Loudspeaker ကိုပဲ ပြေးမြင်ကြပါတယ်။ တကယ်တော့ တုန်ခါမှုပါ ပါဝင်တဲ့ ဆောင်းဘောက်စ် တွေပါ အကျုံးဝင်ပြီး တာဝန်ရှိသူတွေအနေနဲ့ စိစစ်ကြပ်မတ်သင့်ပါတယ်”

ရန်ကုန် မြို့လယ်ခေါင်လို့ပြောနိုင်တဲ့ အနော်ရထာလမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်က ဆိုင်တွေဆို ဆောင်းဘောက်စ်တွေနဲ့ တစ်နေ ကုန် သီချင်းဖွင့်ကြတာ နားမခံသာအောင်ပါပဲ။ စီးပွားရှာတယ်ဆိုပေမဲ့ တစ်ပါးသူ အနှောင့်အယှက်ဖြစ်စေတဲ့အထိ မဖွင့်သင့်ပါဘူး။ အသံချဲ့စက်လို့ပြောရင် လူများစုက Loudspeaker ကိုပဲ ပြေးမြင်ကြပါတယ်။ တကယ်တော့ တုန်ခါမှုပါ ပါဝင်တဲ့ ဆောင်းဘောက်စ် တွေပါ အကျုံးဝင်ပြီး တာဝန်ရှိသူတွေအနေနဲ့ စိစစ်ကြပ်မတ်သင့်ပါတယ်။

၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အသံချဲ့စက်ဥပဒေ ရှိပေမဲ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှု မရှိတာကြောင့် ဆူညံသံတွေ ပိုများလာနေရတာပါ။ ဥပဒေတစ်ရပ်ဟာ ထုတ်ပြန်ထားရုံနဲ့ မပြီးသေးပါဘူး။ လက်တွေ့အသုံးချဖို့ လိုအပ်ပါတယ်။ ရပ်/ကျေး ဥပဒေမှာ အသံချဲ့စက်ဖွင့်လိုသူတွေဟာ သက်ဆိုင်ရာ ရပ်/ကျေး ဥက္ကဆီ ကြိုတင်ခွင့်ပြုချက် လျှောက်ထားရမယ်လို့ ပါရှိပါတယ်။ တကယ်လို့ ခွင့်ပြုပေးခဲ့ရင်တောင်မှ နံနက် ၆ နာရီကနေ ည ၉ နာရီအထိပဲ ဖွင့်ခွင့်ရှိပါတယ်။ အခုကျ နံနက် ၃း၃၀ နာရီ၊ ည ၁၀ နာရီ၊ ၁၁ နာရီ၊ ၁၁ နာရီအထိ ဖွင့်ချင်တိုင်းဖွင့်နေကြတာဟာ ဥပဒေရဲ့ သက်ဝင်မှု အားနည်းနေတာ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ တာဝန်ယူမှု မရှိတာ ပေါ်လွင်ထင်ရှား နေပါတယ်။

“ရပ်/ကျေး ဥပဒေမှာ အသံချဲ့စက်ဖွင့်လိုသူတွေဟာ သက်ဆိုင်ရာ ရပ်/ကျေး ဥက္ကဆီ ကြိုတင်ခွင့်ပြုချက် လျှောက်ထားရမယ်လို့ ပါရှိပါတယ်။ တကယ်လို့ ခွင့်ပြုပေးခဲ့ရင်တောင်မှ နံနက် ၆ နာရီကနေ ည ၉ နာရီအထိပဲ ဖွင့်ခွင့်ရှိပါတယ်”

ခွင့်ပြုချက်မရဘဲ အသံချဲ့စက်ဖွင့်ရင် ရဲအက် ၄၇ နဲ့ ထောင်ဒဏ်တစ်လအထိ ချမှတ်နိုင်သလို ရာဇသတ်ကြီးပုဒ်မ (၂၁၉)အရ ထောင်ဒဏ်ခြောက် အထိ ချမှတ်နိုင်ပါတယ်။ ဒါပေမဲ့ အသံချဲ့စက်ဖွင့်လို့ အရေးယူလိုက်တယ်ဆိုတာ မကြားဖူးသလောက်ပါပဲ။ ရပ်ကွက် အုပ်ချုပ်ရေးမှူး အများစုကလည်း တစ်ရပ်ကွက်လုံးလွှမ်းအောင် အသံချဲ့စက်ဖွင့်နေရင်တောင် မသိချင်ယောင် ဆောင်နေကြပါတယ်။

အသံကို ဒက်ဆီဘယ်ဆိုတဲ့ ယူနစ်တစ်မျိုးနဲ့ တိုင်းတာပြီး ဒက်ဆီဘယ် တစ်ရာကျော်တဲ့ အသံတွေဟာ ဆူညံသံ အမျိုးအစားတွေပါ။ အသံချဲ့စက်တွေ၊ ဆောင်းဘောက်စ်တွေက ထွက်ပေါ်လာနေတဲ့အသံတွေဟာ ဒက်ဆီဘယ် တစ်ရာကျော်တဲ့ အသံတွေချည်းပါပဲ။ ဒီ ဆူညံသံတွေကို နေ့စဉ်ကြားနေရရင် ကျွန်မတို့ရဲ့ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ ကလေးတွေမှာ ဆူညံသံ တွေကြောင့် ရှိသင့်ရှိထိုက်တဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုမရှိဘဲ နိမ့်ကျနိုင်ပါတယ်။ လူကြီးတွေမှာ သွေးခုန်နှုန်းတွေ ပုံမှန်မဖြစ်တော့ဘဲ သွေးတိုးနဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများလာနိုင်ပါတယ်။ အဆိုးဆုံးကတော့ လူတစ်ယောက် ရှင်သန်မှုအတွက် အရေးအကြီးဆုံးဖြစ်တဲ့ အကြားအာရုံ ဆုံးရှုံးသွားနိုင်ခြင်းပါပဲ။ ဘာလို့လဲဆိုတော့ လူသားတွေရဲ့ နားစည်ဟာ သေးငယ်လွန်းတဲ့ အမြှေးပါးလေးတွေနဲ့ ဖွဲ့စည်း ထားတာပါ။ ဆူညံသံဟာ အသံရဲ့တုန်ခါမှု နှုန်းများတဲ့အတွက် နားစည်ပေါက်သွားနိုင်ပါတယ်။ နားစည်ပေါက်သွားခဲ့ရင် အကြားအာရုံ ဆုံးရှုံးနိုင်ရုံသာမက နားရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။

yangon

ဒါကြောင့် အသံချဲ့စက်တွေ၊ ဆောင်းဘောက်စ်တွေ အသုံးပြုမှုကြောင့် ရင်ဆိုင်တွေ့ကြုံနေရတဲ့ ဆူညံသံကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရပါဘူး။ လူအချင်းချင်း ကိုယ်ချင်းစာတရားထားပြီး စိတ်ယဉ်ကျေးမှုကို အဆင့်မြှင့်တင်သင့်ပါတယ်။ တစ်ဖက်ကလည်း အစိုးရအနေနဲ့ ပြည်သူတွေ သိသင့်သိထိုက်တာကို ပညာပေးမှုတွေ ပြုလုပ်သင့်ပါတယ်။ ဆူညံသံရဲ့ဆိုးကျိုးတွေကို သိမြင်လာအောင် ဒက်ဆီဘယ် တစ်ရာကျော်ရင် ဘာဆိုးကျိုးတွေ ဖြစ်နိုင်ကြောင်း ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေ ပညာပေးရမှာပါ။

ပညာပေးရုံနဲ့မရရင် ဥပဒေအရ တိတိကျကျအရေးယူဖို့ လုပ်ဆောင်ပေးသင့်ပါတယ်။ အသံချဲ့စက်ဖွင့်တာကို မသိချင်ယောင် ဆောင်နေတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးဆိုသူတွေကိုပါ တာဝန်ပျက်ကွက်မှုမရှိဘဲ တာဝန်ယူချင်စိတ်ဖြစ်လာအောင် ဥပဒေပြုရေး မဏ္ဍိုင်ကနေ ထိန်းကျောင်းသင့်ပါတယ်။ ဥပဒေနဲ့ တိတိကျကျ ထိန်းချုပ်နိုင်မှ၊ အရေးယူနိုင်မှသာ အသံချဲ့စက်တွေကပေးတဲ့ဒုက္ခကနေ ပြည်သူတွေလွတ်မြောက် နိုင်မှာဖြစ်ပါကြောင်း သုံးသပ်ရေးသား လိုက်ရပါတယ်။

သွေး(စစ်ကိုင်း)