Covid-19 ကြောင့် အလုပ်လက်မဲ့ များပြားလာနေရတဲ့ ၁၃၁ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့

0
1025

မေလ ၁ ရက်နေ့ဟာ မေဒေးနေ့ (သို့မဟုတ်) ကမ္ဘာ့အလုပ်သမားနေ့ အဖြစ် သတ်မှတ်ထားတဲ့နေ့ ဖြစ်ပါတယ်။ ၁၈၈၉ ခုနှစ်က ကမ္ဘာ့အလုပ်သမားနေ့ အဖြစ် စတင်သတ်မှတ်ခဲ့ခြင်းကြောင့် အခုနှစ် ဆိုရင် နှစ်ပေါင်း ၁၃၁ နှစ်တိုင်ခဲ့ပါပြီ။

ကမ္ဘာ့အလုပ်သမားနေ့ စတင်ပေါ်ခဲ့ခြင်းမှာ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့ Haymarket လှုပ်ရှားမှုအရေးကနေ ဖြစ်ပေါ်ခဲ့ခြင်းပါ။ ၁၉ ရာစုမှာ စက်မှုတော်လှန်ရေး ဖြစ်ပေါ်ခဲ့ပြီးနောက် အလုပ်ရှင်နဲ့ အလုပ်သမား လူတန်းစားနှစ်ရပ် ဖြစ်ပေါ်ခဲ့ကာ အလုပ်သမားများမှာ တစ်နေ့ကို အလုပ်ချိန် ၁၆ နာရီမှ နာရီ ၂၀ ခန့်အထိ အလုပ်လုပ်ကြရတာကြောင့် များစွာ ပင်ပန်းဆင်းရဲကြရပါတယ်။

ဒါ့အပြင် အလုပ်ချိန်များစွာ အလုပ်လုပ်ကြရပေမဲ့ လုပ်ခလစာ ထိုက်တန်စွာ ရရှိခြင်းမရှိတာကြောင့် လူမှုဘဝများစွာ နှိမ့်ကျခဲ့ရပါတယ်။ ဒီလိုပင်ပန်းဆင်းရဲမှုတွေကြောင့် အလုပ်ချိန် လျှော့ပေါ့ရေး၊ အလုပ်သမားများဘဝ တိုးတက်ရေးအတွက် ထိုက်သင့်သော လုပ်ခလစာ ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အဲဒီလို တိုက်ပွဲဝင်ကြရာမှာ အလုပ်သမားများနဲ့အတူ ကွန်မြူနစ်ပါတီဝင်များ၊ ဆိုရှယ်လစ် ပါတီဝင်များက အတူတိုက်ပွဲဝင်ခဲ့ကြပါတယ်။

ကမ္ဘာ့သမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင်လည်း သမိုင်းဦးဘုံမြေခေတ်၊ မြေရှင် ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်၊ ဆိုရှယ်လစ်ခေတ်ဆိုပြီး ခေတ်ကြီး ၅ ခေတ်ရှိရာမှာ အရင်းရှင်များ ကြီးစိုးထားတဲ့ခေတ်ကို ခေတ်ပြောင်းတော်လှန်ရေး ပြုလုပ်ရန်အတွက် ဆိုရှယ်လစ်များက ကြိုးပမ်းကြရာတွင် ၁၉ ရာစု နှောင်းပိုင်းကာလတွင် ဖိနှိပ်ခံနင်းပြားဖြစ်နေတဲ့ အလုပ်သမားများက အရင်းရှင်များကို တော်လှန်ကြရာမှာ ဆိုရှယ်လစ်ဝါဒီများက အလုပ်သမားများနဲ့ အတူလက်တွဲကာ ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွှဲတဲ့ ကာလလို့လည်း သတ်မှတ်နိုင်ပါတယ်။

အမေရိကန်ရှိ အလုပ်သမားများက အလုပ်ချိန်လျှော့ပေါ့ပေးဖို့၊ အလုပ်သမား လူတန်းစားများဘဝ မြင့်တင်ပေးဖို့ တောင်းဆိုမှုများ စတင်ခဲ့ပြီးနောက် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ် စတဲ့ အနောက်နိုင်ငံကြီးများဆီသို့ ကူးစက်သွားပြီး အလုပ်သမားများရဲ့ တောင်းဆိုမှုများ ပြင်းထန်ခဲ့ပါတယ်။

၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့မှာ ကျင်းပတဲ့ အမေရိကန် အလုပ်သမားအဖွဲ့ချုပ်ညီလာခံက တစ်နေ့မှာ အလုပ်ချိန် ၈ နာရီသာ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် နိုင်ငံအသီးသီးရှိ အလုပ်သမားအဖွဲ့များထံသို့ အဲဒီ ဆုံးဖြတ်ချက်အတိုင်း တောင်းဆိုကြဖို့နဲ့ အောင်မြင်သည်အထိ တိုက်ပွဲဝင်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။ နိုင်ငံအသီးသီးမှ အလုပ်သမားများကလည်း အဲဒီ ဆုံးဖြတ်ချက်အတိုင်း တိုက်ပွဲဝင်ခဲ့ကြရာမှာ နောက်ဆုံးတော့ အလုပ်သမားများဘက်က အောင်မြင်မှု ရရှိခဲ့ပါတယ်။

ဒါ့ကြောင့် ၁၈၈၉ ခုနှစ်၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ် ဒုတိယညီလာခံမှာ ကမ္ဘာ့အလုပ်သမားများ ညီညွတ်စွာနဲ့ တောင်းဆိုခဲ့ကြတဲ့ မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားများနေ့ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

မေဒေးနေ့ (သို့မဟုတ်) အလုပ်သမားနေ့ဟာ ကွန်မြူနစ်စနစ် နိုင်ငံများအတွက် အလွန်ရေးကြီးတဲ့ တရားဝင်ရုံးပိတ်ရက် တစ်ရက်ပဲ ဖြစ်ပါတယ်။ မေဒေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျူးဘား၊ ဆိုဗီယက်ယူနီယံနဲ့ မြောက်ကိုရီးယားတို့မှာ တခမ်းတနား ကျင်းပကြပါတယ်။ မေဒေးနေ့ကို ကမ္ဘာတွင် အလုပ်သမားနေ့အဖြစ် ကျင်းပတဲ့ နိုင်ငံပေါင်း ၈၀ ဆယ်ကျော်ခန့် ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ပုဒ်မ (၂၄) နဲ့အညီ အလုပ်သမားများရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ အတွက်လည်းကောင်း၊ အလုပ်သမားအချင်းချင်းကြား၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ဆက်ဆံရေး ကောင်းမွန်စေဖို့ အတွက်လည်းကောင်း၊ အလုပ်သမား အဖွဲ့အစည်းများ စံနစ်တကျနဲ့ လွတ်လပ်စွာ ဖွဲ့စည်းနို်င်ရန် အတွက်လည်းကောင်း “အလုပ်သမားအဖွဲအစည်း ဥပဒေ” ကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၇) အဖြစ် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပြဌာန်းထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေပါ အချက်များကို အလုပ်သမားများ အပြည့်အဝ မရရှိသေးတဲ့ အခြေအနေလည်း ဖြစ်နေဆဲပါ။

အလုပ်သမားနေ့တိုင်းမှာ အလုပ်သမားအခွင့်အရေးများနဲ့ ပတ်သက်တဲ့ တောင်းဆိုမှုမတွေ၊ ညီလာခံတွေကို ကျင်းပလေ့ရှိပေမယ့် ဒီနှစ် ၂၀၂၀ ပြည့်နှစ်မှာတော့ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ဖြစ်ပွားနေတာကြောင့် စက်ရုံအလုပ်ရုံများကို ပိတ်ထားရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ဖြစ်ပွားနေတာကြောင့် အမေရိကန်မှာ အလုပ်လက်မဲ့ဦးရေ အပတ်စဉ် တိုးလာနေပြီး လူမှုကူညီရေး အထောက်အပံ့ တောင်းခံသူ သန်း ၃၀ ခန့်ရှိတယ်လို့ အညွှန်းကိန်းများက ပြဆိုနေပါတယ်။ အခြားသော ကမ္ဘာ့နိုင်ငံကြီးများမှာလည်း အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်းများ မြင့်တက်နေပါတယ်။

မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ဖြစ်ပွားနေမှုကြောင့် စက်ရုံ အလုပ်ရုံများ ရပ်နားထားရကာ အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်းများ မြင့်တက်နေပါတယ်။ ဒါ့အပြင် တခြားသော အလုပ်ရှင်၊ အလုပ်သမား ပြဿနာများလည်း ရှိနေပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)