ဖြူးမြို့နယ်မှာ ဓားမဦးချလုပ်ကိုင်လာတဲ့ လယ်မြေပေါ် ကျွဲနွားတွေ ဝင်ကျောင်းနေတာကြောင့် တောင်သူတွေ အခက်တွေ့

0
387

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်က ရွာတစ်ရွာမှာ ဓားမဦးချ လုပ်ကိုင်လာတဲ့ လယ်ယာမြေတွေထဲကို ကျွဲနွားတွေ ဝင်ကျောင်းနေတာကြောင့် စိုက်ပျိုးထားတဲ့ ပဲခင်းနဲ့ ရိတ်သိမ်းထားတဲ့ စပါးကွင်းတွေ ပျက်စီးနေတယ်လို့ တောင်သူတွေက ပြောပါတယ်။

phyu

အဲဒီ လယ်ယာမြေတွေကို ဖြူးမြို့နယ်၊ မြပဲခူးကျေးရွာအုပ်စု၊ မြပဲခူးကျေးရွာက လယ်ယာမြေတွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဓားဦးမချလုပ်ကိုင်လာတာလို့ လယ်ယာစိုက်ပျိုးနေသူတွေက ဆိုပါတယ်။

အဲဒီလယ်ယာမြေတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ရဲ့ “စာကျက်မြေပေါ် မကျူးကျော်ရ”ဆိုင်းဘုတ် စိုက်ထူပြီး ကျွဲနွားတွေ ဝင်ကျောင်းနေတာလည်း ဖြစ်ပါတယ်။

“ကျွန်မတို့ စိုက်ပျိုးထွန်ယက်လာတာ ၁၉၉၂ ခုနှစ်ကတည်းကပါ။ တာဝန်ကျေ စပါးလည်း ချပေးခဲ့ရတယ်။ ပြေစာလည်း ရှိတယ်။ စိုက်ဘဏ်လည်း ထုတ်ခွင့်ရခဲ့တယ်။ အခုမှ ဒါက စားကျက်မြေဆိုပြီး ကျွဲနွားတွေ ဝင်ကျောင်းတယ်။ ပဲတွေက နှစ်လသားရှိနေပြီ။ အရင်းအနှီးက အရမ်းများတယ်လေ။ သွားတိုင်တော့လည်း အရေးတယူ ဆောင်ရွက်ပေးတာ မရှိဘူး။ ဘယ်သူ့အားကိုးရမှန်း မသိတော့ဘူး။ အမှန်တရားအတိုင်း ဖြစ်စေချင်တယ်။ ဘယ်လိုတင်ပြရမှန်းလည်း မသိတော့ဘူး”လို့ တောင်သူတစ်ဦးဖြစ်တဲ့ နော်လှဦးက ပြောကြားခဲ့ပါတယ်။

phyu2

ဝင်ကျောင်းနေတဲ့ ကျွဲနွားတွေရဲ့ ပိုင်ရှင်ထဲက တစ်ဦးဖြစ်တဲ့ စောအယ်ဆေးကတော့”ကျွန်တော်တို့က အရင်က ငါးဗက်အိုင်အင်းမြေထဲမှာ ကျောင်းတယ်။ အဆင်ပြေပါတယ်။ ဆိုင်းဘုတ်စိုက်ထူပြီးတော့ အုပ်ချုပ်ရေးမှူးက အဲဒါ စားကျက်မြေ၊ သွားကျောင်းလို့ရတယ်။ ဖြစ်လာရင် ကျုပ်တာဝန်ယူတယ်ဆိုပြီး ခုကျတော့ သူမသိဘူးဆိုပြီး ပြောပါတယ်”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြတ်သူကို မေးမြန်းရာမှာ ဦကျော်မြတ်သူကလည်း “ကျွန်တော့်ကို မြို့နယ်ထွေအုပ်က ၁၀ လပိုင်းက စားကျက်မြေမကျူးကျော်ရ ဆိုင်းဘုတ်စိုက်ထူခိုင်းလို့ စိုက်ထူပေးထားတယ်။ ပြဿနာတက်တော့ တင်ပြတော့ ဘယ်သူမှ အရေးတယူမလုပ်ကြဘူး။ မြေစာရင်းကလည်း ထွေအုပ်ကို မေးကြည့်လို့ ပြောပါတယ်”လို့ ဖြေကြားခဲ့ပြီး ဖြူးမြို့နယ်မြေစာရင်းဦးစီးဌာနကို သွားရောက်မေးမြန်းရာမှာတော့ မြို့နယ်ဦးစီးအရာရှိ ဦးစောတာမလာဖောက ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

အကျယ် ဧက ၃၇၀ ကျော်ရှိတဲ့ အဲဒီမြေဟာ စပါးနဲ့ ပဲ ဖြစ်ထွန်းတဲ့မြေဖြစ်တဲ့ပြီး ဝင်ကျောင်းနေတဲ့ ကျွဲနွားအရေအတွက်ဟာ အကောင် ၆၀ လောက် ရှိနေတာပါ။ လက်ရှိမှာတော့ တောင်သူတွေထဲက ပုံစံ ၇ နဲ့ ပြေစာရှိတဲ့ တောင်သူတွေက ကျွဲပိုင်ရှင်လေးဦးကို ပုဒ်မ ၄၂၇ နဲ့ တရားစွဲဆိုထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)