သေမင်းတမန် ရထားလမ်း ဖောက်လုပ်ရာမှာ ပါခဲ့တဲ့ စစ်ပြန်ကြီး အသက် ၁၀၁ နှစ်မှာ ကွယ်လွန်

0
320

ဒုတိယကမ္ဘာစစ် အတွင်းက အင်ဒိုနီးရှားမှာ ဂျပန်တွေရဲ့ ဖမ်းဆီးခြင်း ခံရပြီး ကွေးမြစ်ပေါ် ဖြတ်ဆောက်တဲ့ ထိုင်း-မြန်မာ သေမင်းတမန် ရထားလမ်းပိုင်း ဖောက်လုပ်ရာမှာ ခိုင်းစေခြင်း ခံခဲ့ရတဲ့ စစ်ပြန်ကြီး ဖရက် ဆီကာဟာ အသက် ၁၀၁ နှစ်အရွယ် ဇွန်လ ၁ ရက်နေ့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ဒတ်ခ်ျ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ မစ္စတာ ဆီကာဟာ အင်္ဂလန်၊ ဝေါ်ဆက်စတာမှာရှိတဲ့ နေအိမ်မှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဲဒီ ရထားလမ်း ဖောက်လုပ်ရာမှာ မဟာမိတ် စစ်သုံ့ပန်း ၁ သောင်း ၆ ထောင်၊ ဗြိတိသျှ တပ်သား ၇ ထောင်၊ အာရှသား ချွေးတပ်ဆွဲခံရသူ ၁ သိန်း အသက်ဆုံးရှုံးခဲ့ပါတယ်။

မစ္စတာ ဆီကာလည်း တခြားသူတွေနည်းတူ ဂျပန်တွေရဲ့ နှိပ်စက်မှုကို ခံခဲ့ရပါတယ်။ စစ်သုံးပန်း အနေနဲ့ သေမင်းတမန် ရထားလမ်း ဖောက်လုပ်ခဲ့ရတဲ့ သုံးနှစ်တာ အတွေ့အကြုံတွေကို Lest We Forget အမည်နဲ့ စာအုပ်ရေးသားခဲ့ပါတယ်။ တရုတ် မန်ဒရင်းဘာသာကိုလည်း ပြန်ဆိုခံရပါတယ်။

သူကွယ်လွန်ပြီးနောက် ဂျပန်၊ ထိုင်း၊ ဟော်လန်၊ ပြင်သစ်နဲ့ တရုတ်နိုင်ငံတွေက ပြည်သူတွေက ဝမ်းနည်းကြောင်း အီးမေးလ်တွေ ပို့ခဲ့ကြပါတယ်လို့ အသက် ၄၅ နှစ်အရွယ်ရှိ သူ့ဇနီးက ပြောပါတယ်။

သူ့စာအုပ်ကြောင့် နာမည်ကျော်ခဲ့တဲ့ မစ္စတာ ဆီကာဟာ စာသင်ကျောင်း၊ အဖွဲ့အစည်း၊ အခမ်းအနားတွေမှာလည်း ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မစ္စတာ ဆီကာကို ၁၉၁၅ ခုနှစ်တုန်းက ရိုတာဒမ်မှာ မွေးပြီး သူ့အဖေလိုပဲ အင်ဂျင်နီယာ ပညာသင်ယူကာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်တဲ့အခါ ဒတ်ခ်ျ မားချန့် ရေတပ်မှာ အမှုထမ်းပါတယ်။