မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုနှုန်း ဆက်လက် ကျဆင်း

0
307

၂၀၁၅ ခုနှစ်အထိ ပြီးခဲ့တဲ့ ၁၀ နှစ်တာအတွင်း မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုနှုန်း ဆက်လက် ကျဆင်းနေပြီး ၃၂ ဒသမ ၁ ရာခိုင်နှုန်းကနေ ၁၉ ဒသမ ၄ အထိ ကျဆင်းလာတယ်လို့ အစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ ပူးတွဲ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူနေမှု အဆင့်အတန်းကလည်း မြင့်တက်လာပြီး အိမ်ထောင်စုစရိတ် သုံးစွဲမှုနှုန်းဟာလည်း ပျမ်းမျှ ၁ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

အိမ်ထောင်စုတွေရဲ့ စရိတ်သုံးစွဲမှုနှုန်းဟာလည်း ပြီးခဲ့တဲ့ နှစ်တွေမှာ လျင်မြန်စွာ တိုးတက်လာနေပါတယ်။ လူနေမှု အဆင့်အတန်း တိုးတက်မှုကို ပြတဲ့အရာတွေကတော့ မိုဘိုင်းဖုန်း၊ ဆိုင်ကယ်၊ တယ်လီဗေဒရှင်း စတဲ့ ပစ္စည်းတွေ ဝယ်လိုအားနဲ့ သုံးစွဲမှု မြင့်တက်လာနေတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အိမ်ထောင်စုတွေရဲ့ ၄၅ ရာခိုင်နှုန်းဟာ ဆိုင်ကယ်ကို ပိုင်ဆိုင်လာကြပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက ၂၉ ရာခိုင်နှုန်းပဲ ဆိုင်ကယ် ဝယ်နိုင်ကြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေထဲမှာ ဆင်းရဲနွမ်းပါးမှုနှုန်း ကျဆင်းလာတာဟာ အားရစရာပါ၊ စီးပွားရေး ဖွံ့ဖြိုးမှု အားကောင်းနေတာကို ပြနေပါတယ်လို့ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားဆိုင်ရာ ဌာန ညွှန်ကြားရေးမှူး အယ်လင် ဂိုးလ်စတိန်းက ပြောပါတယ်။

မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှု အတိုင်းအတာကို ဆန်းစစ်ဖို့ အပိုင်း နှစ်ပိုင်းခွဲ လေ့လာတဲ့အနက် ဒီအစီရင်ခံစာက ပထမပိုင်း ဖြစ်ပါတယ်။ ဒုတိယပိုင်းကို ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)