မြန်မာ-အိန္ဒိယနယ်စပ်က တမူးမြို့နယ်မှာ ညမထွက်ရ အမိန့် ထုတ်ပြန်ထား

0
269

မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိတဲ့ တမူးမြို့နယ်ကနေတစ်ဆင့် အိန္ဒိယဘက်ကို ညအချိန်မတော် တရားမဝင် ရောင်းဝယ် လုပ်ကိုင်စားသောက်လှုပ်ရှားလာနေတဲ့အတွက် ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုထွေးက MCN သတင်းဌာနရဲ့ မေးမြန်းချက်ကို အဲဒီလို ဖြေကြားခဲ့တာပါ။

ဒေသခံတွေကတော့ ကနဦးပိုင်းမှာ အိန္ဒိယဖက်အခြမ်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က နယ်စပ်မှာ လှုပ်ရှားနေတာကြောင့် အခုလို ညမထွက်ရ အမိန့် ထုတ်ပြန်တာမျိုးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တမူးမြို့နယ်မှာ တရားမဝင် နယ်စပ်လမ်းကြောင်းကနေ မြန်မာနိုင်ငံက စက်သုံးဆီတွေ၊ သစ်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့ တခြားပစ္စည်းတွေ ညအချိန်မှာ ခိုးထုတ်ရောင်းဝယ်နေကြတာလို့လည်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုထွေးက ပြောပါတယ်။

တမူးမြို့နယ်မှာ အများပြည်သူ လုံခြုံရေးအတွက် ညနေ ၆ နာရီကနေ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၈၈ ထုတ်ပြန်ထားပြီး အမိန့်ကို ချိုးဖောက်ရင်တော့ ဖမ်းဆီးထိန်းသိမ်းသွားမယ်လို့လည်း ဦးကိုကိုထွေးက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်မှာ အိန္ဒိယဘက်အခြမ်းကို တရားမဝင် ဆီရောင်းဖို့ ခိုးထွက်တဲ့ လူသုံးဦးရှိခဲ့တာကြောင့် လိုက်လံဖမ်းဆီးရာမှာ နှစ်ဦးက ထွက်ပြေးလွတ်မြောက်ပြီး တစ်ဦးကိုပဲ ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)