စာရေးဆရာမကြီး ကြည်အေး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကွယ်လွန်

0
364

မြန်မာစာပေလောကမှာ ဆန်းသစ်တဲ့ အတွေးတွေနဲ့ စာဖတ်ပရိသတ်အခိုင်အမာရရှိခဲ့သူ အမျိုးသမီး ကဗျာဆရာ စာရေးဆရာမကြီး ကြည်အေး ဟာ ၂၈ ရက်နေ့ မနက်ပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။

15780789_10154628360675399_3445344256701222229_n

စာရေးဆရာမ ကြည်အေးရဲ့ နာမည်အရင်းဟာ ဒေါ်ကြည်ကြည်တင်မြင့် ဖြစ်ပြီး ၁၉၂၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ကာ ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ် ရှိပြီ ဖြစ်ပါတယ်။

၁၉၄၀ ခုနှစ် ၀န်းကျင်မှာ မြန်မာစာပေလောက ကိုဝင်ရောက်လာပြီး ကဗျာ နဲ့ ၀တ္ထုတွေ အများအပြားရေးသားခဲ့သူဖြစ်ပါတယ်။

စာရေးဆရာမကြည်အေးရဲ့ ထိုည ၀တ္တုတို ၊ နွမ်းလျအိမ်အပြန် ၀တ္တု ၊ ဖုန်းသက်တိုင် ၊ တမ်းတတက်သည် ကျမပညာသည် စတဲ့ ၀တ္တုတွေ ဟာ စာဖတ်ပရိသတ်တွေ အလွန်နှစ်ခြိုက် ခဲ့တဲ့ ၀တ္ထုတွေအဖြစ် နာမည်ကျော်ကြားခဲ့ပါတယ်။

ဆရာမ ကြည်အေးဟာ ၁၉၇၁ ခုနှစ်မှာ ဆရာဝန် ဘ၀နဲ့ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာခဲ့ပီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ နယူးယောက် စံတော်ချိန် မနက် ၆ နာရီ ၄၉ မိနစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ကြည်အေး၏ အတ္ထုပ္ပတ္တိအကျဉ်း
==================

စာရေးဆရာမကြီး ကြည်အေးကို ၁၉၂၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကုန်သည်မိဘများက ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်က ပညာရေးကို ကောင်းစွာ မသင်ယူခဲ့ရဘဲ သုံးတန်းအထိ ပညာသင်ကြားပြီးနောက် ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့တာကြောင့် ပညာသင်ကြားမှုကို ရပ်နားထားခဲ့ရသည်။ စစ်ကြီးပြီးစအချိန်တွင် အင်္ဂလိပ်သဒ္ဒါဆရာကြီး မစ္စတာမေထျာထံ အချိန်ခြောက်လခန့်ကြာ အင်္ဂလိပ်စာသင်ယူခွင့်ရရှိပြီးနောက် အင်္ဂလိပ်စာကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ခဲ့သည်။ ထို့အပြင် စစ်ဘေးရှောင်လာသော စာပေဗိမာန်အဖွဲ့က ဆရာဆရာများ၏ သင်ကြားပေးမှုဖြင့် အဆင့်မြင့်ကောလိပ်ပညာတို့ကို အခြေခံတတ်မြောက်ခဲ့လေသည်။ ထို့နောက် စစ်ကြီးပြီးစီးချိန်တွင် အတန်းပညာကို ဆက်လက်သင်ယူခွင့် ရရှိခဲ့ပြီး ၇ တန်းမှစတင်ကာ ပညာသင်ကြားခွင့်ရရှိခဲ့လေသည်။ ထိုသို့ ၇ တန်းပညာ သင်ကြားချိန်မှစ၍ တစ်နှစ်ခွဲအချိန်အတွင်း အတန်းအဆင့်ဆင့်ကို အောင်မြင်ခဲ့ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲကိုလည်း အောင်မြင်ခဲ့သည်။ ထို့အတူ အင်္ဂလိပ်ဘာသာကိုလည်း တစ်နိုင်ငံလုံး ထူးချွန်သူ ၁၀ ဦးထဲတွင် ပါဝင်ခဲ့လေသည်။

မိဘများက သမီးမိန်းကလေးဖြစ်၍ ပညာသင်ကြားမှုကို အားမပေးခဲ့တာကြောင့် ဆေးပညာ ဆက်လက်သင်ကြားခွင့်မရခဲ့သော်လည်း ဒေါ်ခင်မျိုးချစ်နှင့် ဦးခင်မောင်လတ်တို့၏ ကူညီထောက်ပံ့မှုဖြင့် ၀ိဇ္ဖာစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် အိမ်ထောင်ကျပြီး သားသမီးခြောက်ယောက် ထွန်းကားခဲ့ပါတယ်။ တက္ကသိုလ်မှာ အင်္ဂလိပ်စာ နည်းပြဆရာမ အဖြစ် တစ်နှစ်ကြာ လုပ်ကိုင်ခဲ့ပြီးနောက် ၁၉၆၅ ခုနှစ်တွင် ဆေးပညာဆက်လက်သင်ကြားခဲ့ပြီး ၁၉၇၀ တွင် M.B.B.S ဘွဲ့ရရှိကာ ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ခဲ့သည်။

၁၉၇၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားပြီး ချီကာဂိုမြို့တွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စုတွင် နေထိုင်ကာ အထူးကုဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှစ၍ အင်္ဂလန်နိုင်ငံ ဆေးရုံများတွင် အထူးကုဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင် အထူးကုဆရာဝန်အဖြစ်မှ အနားယူကာ စာပေရေးသားခြင်းများ ပိုမိုလုပ်ကိုင်လာခဲ့သည်။ ဆရာမကြီး ကြည်အေးရဲ့ ပထမဆုံးစာပေလက်ရာအဖြစ်
၁၉၄၇ ခုနှစ်ထုတ်၊ တာရာမဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၄)တွင် ထိုညဝတ္ထုတိုနဲ့ စာပေလောကကို စတင်ဝင်ရောက်လာခဲ့သည်။ တမ်းတတတ်သည်၊ နွမ်းလျအိမ်ပြန်၊ မီ၊ မောင်ကိုကိုနဲ့ မြနန္ဒာ၊ ဖုန်းသက်တိုင်၊ ကေဖွဲ့ဆိုသီ၊ ကျွန်မ ပညာသည် စသည့် ၀တ္ထုများမှာ ထင်ရှားသော ၀တ္ထုများဖြစ်သည်။

မောင့်တောအုပ်မှာ

မောင့်တောအုပ်မှာ
ငှက်ပြာဝတ်ရည် ၊ သောက်ယစ်ရီတတ်
နှင်းဆီဖြူလဲ့ ၊ ပျံသင်းဖွဲ့တတ်
ဝါသွဲ့ရွက်ကြွေ ၊ လိပ်ပြာပွေတတ်
မြစ်ရေချောင်းစ ၊ တေးညင်းမြတတ်
မိန်းမလှသူယောင် ၊ မျက်တောင်ခတ်တတ်
ကျမ်းတတ်ဇော်ဂျီ ၊ ဖိုဝင်မီတတ်
ကြံစည်သမျှ ၊ ဖြစ်မြောက်ရသည် ။
မောင့်တောအုပ်မှာ
လာလှဲ့ နေလှဲ့ ၊ အိပ်မက်လှည့်ဟု
သဲ့သဲ့ခေါ်ငင် ၊ မပီပြင်လည်း
ထင်ထင်ကြားလိုက် ၊ တိမ်းမူးခိုက်ဝယ်
မိုက်မှားကြမ္မာ ၊ တွန်းပို့ရာသို့
ထွက်ခွာလွင့်ပါး ၊ ရပ်တစ်ပါး၌
ရွေ့လျားရာသီ ထပ်ခဲ့သည် ။
မောင့်တောအုပ်မှာ
ချမ်းသာအေးမြ ၊ နေချင်လှလည်း
လမ်းစပျောက်ပျက် ၊ ရှာပြန်ခက်ပြီ
ပင့်သက်မောတွေ ၊ မျက်ရည်ဝေဆဲ
မနေပျော်နဲ့ ၊ လာလိုက်ခဲ့ဟု
သဲ့သဲ့ခေါ်သံ ကြားရပြန်၏ ။
မြဲမြံနွယ်နှောင် ၊ လူတို့ဘောင်၌
ယောင်မှားဧည့်သည် ၊ မပျော်ကြည်ဘူး
မဆည်နိုင်တော့ ၊ နွမ်းပျော့ခွေညှိုး
လမ်းမှာတိုးဆဲ ၊ တိုးတိုးတစ်မျိုး
ချိုးငယ်ပြောသည် ၊ မောင့်တောအုပ်မှာ
ငှက်ပြာဝတ်ရည် ၊ သောက်ယစ်ရီသတဲ့
ဝါသွဲ့ရွက်ကြွေ ၊ လိပ်ပြာပွေသတဲ့
မိန်းမလှသူယောင် ၊ မျက်တောင်ခတ်သတဲ့
ကျမ်းတတ်ဇော်ဂျီ ၊ ဖိုဝင်မီသတဲ့
ကြံစည်သမျှ ၊ ဖြစ်မြောက်လှသတဲ့
နှမ မသိရှိမည်လား ။ ။

ကြည်အေး
ရှုမဝ မဂ္ဂဇင်း ၊ ဖေဖော်ဝါရီ ၊ ၁၉၇၃ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)