ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” ရခိုင် ကမ်းရိုးတန်းအနီးက ရွေ့လျားနိုင် လိမ္မော်ရောင် အဆင့်သတ်မှတ်

0
417

ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”  မြန်မာနိုင်ငံ၊ ရခိုင် ကမ်းရိုးတန်းအနီးက ရွေ့လျားနိုင်တာကြောင့် လိမ္မော်ရောင် အဆင့်အဖြစ် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတ်မှတ်ကြောင်း ထုတ်ပြန် ကြေညာလာပါတယ်။

မေလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၇ နာရီအချိန် တိုင်းထွာချက်တွေအရ အဲ့ဒီလို သတင်းထုတ် ပြန်လိုက်တာပါ။

လက်ရှိအခြေအနေမှာဆိုရင်တော့ ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” ဟာ မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် (၁၂၀) ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်-အနောက်တောင်ဘက် မိုင် (၁၂၀) ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် မိုင် (၂၂၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

ဒီဆိုင်ကလုန်းမုန်တိုင်းဟာ နောက်ထပ် (၁၈) နာရီအတွင်း ဘင်္ဂလားဒေရှ့်ကမ်း‌ခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မယ်လို့လည်း မိုးဇလက ခန့်မှန်းထားပြီး ကမ်းခြေကိုဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို မိုင် (၆၀) နှုန်းနဲ့ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ဒါကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ  တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာတော့ မုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင် ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်တွေ၊ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေ အနေဖြင့် ရေကြီး၊ ရေလျှံမှတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြု နေထိုင်ကြဖို့ လိုအပ်နေတာပါ။

ဒါအပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြု ရှောင်ရှားကြဖို့ လိုအပ်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)