မြန်မာကနေ ပြည်နှင်ဒဏ် ခံရသူ တူရကီကို ရောက်ရှိ

0
395

မြန်မာပြည်ကနေ ပြည်နှင်ဒဏ် ပေးခံရတဲ့ ဖက်တူလာ အကြမ်းဖက် အဖွဲ့ (FETO) နဲ့ ဆက်စပ်သူဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်ကို ရောက်ရှိလာပြီလို့ တူရကီ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

မြန်မာပြည်မှာ ဖွင့်လှစ်ထားတဲ့ Horizon International School က ကျောင်းဆရာ ဖြစ်သူ မူဟမ်မက် ဆွတ်ခ်မန်းဟာ FETO ရဲ့ ဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး FETO အဖွဲ့ဟာ တူရကီမှာ မနှစ် ဇူလိုင်လတုန်းက မအောင်မြင်တဲ့ အာဏာသိမ်းမှုကို ကြံစည်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ အဲဒီ အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ လူ ၂၅၀ သေဆုံးပြီး ၂၂၀၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။

မြန်မာ အီမမ် (Myanmar Imam) လို့ အမည်ရတဲ့ ဆွတ်ခ်မန်းဟာ အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ အဖွဲ့မှာ ဝါရင့် အဖွဲ့ဝင်ဖြစ်ပြီး မြေထဲပင်လယ် နိုင်ငံတကာ ပညာရေး ဝန်ဆောင်မှု ကုမ္ပဏီကနေတဆင့် မြန်မာပြည်မှာ Horizon International School ကျောင်းတွေကို ဖွင့်လှစ်နေသူ ဖြစ်ပါတယ်။

ဆွတ်ခ်မန်းရဲ့ နိုင်ငံကူးလက်မှတ်ကို တူရကီက ပယ်ဖျက်လိုက်ပြီးနောက် မေလ ၂၄ ရက်နေ့မှာ ဆွတ်ခ်မန်း၊ ဇနီးဖြစ်သူနဲ့ သမီးကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တားဆီး ထိန်းသိမ်းပြီး ပြည်နှင်ဒဏ် ပေးလိုက်တာ ဖြစ်ပါတယ်။

အစ္စတန်ဘူမြို့ အတာတာ့ခ် နိုင်ငံတကာ လေဆိပ်ကို ရောက်ရှိချိန်မှာ ဆွတ်ခ်မန်းကို ရဲက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းလိုက်ကာ တရားရုံး ပို့မှာ ဖြစ်ပါတယ်။

FETO နဲ့ ဆက်စပ်နေတဲ့ ကမ္ဘာတဝန်းမှာ ရှိတဲ့ စာသင်ကျောင်း၊ ကောလိပ်နဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းပစ်ဖို့ တူရကီ အစိုးရက တောင်းဆိုထားတယ်လို့ ဒေးလီး ဆာဘာ တူရကီသတင်းဌာနက ဖော်ပြပါတယ်။

ဒီလ အစောပိုင်းမှာပဲ မလေးရှား အာဏာပိုင်တွေက FETO နဲ့ ပတ်သက်နေတဲ့ တူရကီ ၃ ဦးကို ပြည်နှင်ဒဏ် ပေးခဲ့ပါသေးတယ်။ အမေရိကန် အခြေစိုက် ဖက်တူလာ ဂူလန် ဦးဆောင်တဲ့ အဖွဲ့ဟာ နိုင်ငံတကာမှာ ပညာရေးနဲ့ စီးပွားရေး ကွန်ရက်တွေ ထူထောင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)