NLD အစိုးရ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနပေါင်းစပ်မှုတွေမှာ စိန်ခေါ်မှုတွေရှိလာမယ်

0
336

NLD အစိုးရအဖွဲ့သစ်မှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနကို နှစ်ခုပေါင်းစပ်ဖွဲ့စည်းလိုက်တဲ့အပေါ် စိန်ခေါ်မှုတွေ ရှိလာမှာကို စိုးရိမ်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

aw

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အကြီးတန်း ဒုတိယဥက္ကဋ္ဌ (၃)၊ မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း လုပ်ကိုင်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက MCN ရဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။
“ကြီးမားတဲ့ ဌာနကြီးနှစ်ခုကို တစ်ခုထဲပေါင်းလိုက်တာကြောင့် လုပ်ငန်းတာဝန်များ လုပ်ကိုင်ဖို့ များပြားတဲ့အတွက် စိုးရိမ်မှုတွေရှိနေပေမယ့်။ နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်မယ်ဆိုရင် ကြိုဆိုရမှာဖြစ်တယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီးဌာနဆိုတဲ့ ခေါင်းစဉ်တွေထဲမှာ ငါးလုပ်ငန်းဆိုတဲ့ ခေါင်းစဉ်တစ်ခု ကျန်ခဲ့ တဲ့အတွက် ငါးဖမ်းလုပ်သားတွေ လုပ်ငန်းရှင်တွေက စိုးရိမ်နေကြတယ်” ဆိုပါတယ်။
အစိုးရသစ်အနေနဲ့ မြန်မာ့ရေလုပ်ငန်းကဏ္ဍအတွက် နိုင်ငံတကာက ပညာရှင်တွေ၊ ကူညီပံ့ပိုးမှုတွေ ရှိလာခဲ့ပြီဆိုရင် အောင်မြင်မှုတွေ ပိုရလာလိမ့်မယ်လို့လည်း ရေလုပ်ငန်းရှင်တွေက မျှော်လင့်နေကြတာပါ။ ဒီအပေါ်ကိုလည်း ဦးထွန်းအေးက
“အစိုးရသစ်အနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတွေ ဌာနတွေကို တည်ဆောက်တဲ့အခါမှာ တစ်ကယ်ကျွမ်းကျင်ပြီး ကိုယ်တိုင် ရင်းနှီးမြုပ်နှံထား တဲ့သူတွေကိုလည်း ခေါ်ယူသင့်တယ်။ အဲဒီလိုခေါ်ယူပြီး ဆွေးနွေးတိုင်ပင်ကြမယ်။ နိုင်ငံခြားကပညာရှင်တွေ၊ ကူညီပံ့ပိုးတာတွေ ရှိလာခဲ့ပြီဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပင်လယ်ပြင်သယံဇာတရှာဖွေရေးရဲ့ အောင်မြင်မှုဟာ ထိပ်ဆုံးကို ရောက်ရှိလာမှာသေချာပါတယ်” လို့ပြောပါတယ်။
ရေလုပ်ငန်းဟာ အာရှနိုင်ငံ တစ်နိုင်ငံချင်းဝင်ငွေရဲ့ ဒုတိယအများဆုံး ရှာဖွေပေးနိုင်နေတဲ့ ကဏ္ဍတစ်ခု အဖြစ်ရပ်တည်နေတာပါ။
မြန်မာ့ရေလုပ်ငန်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၆၀ ကျော် ရှာဖွေပေး လျက်ရှိနေပါတယ်။
ဒါပေမယ့် အဲဒီပမာဏဟာ အာစီယံနိုင်ငံတွေထဲမှာတော့ အနည်းဆုံးအခြေအနေဖြစ်ပြီး အစိုးရသစ် အနေနဲ့ ရေလုပ်ငန်းကနေ တိုင်းပြည်ဝင်ငွေတိုးတက်လာအောင် ဆောင်ရွက်နိုင်ဖို့ကိုလည်း ရေလုပ်ငန်းရှင်တွေက မျှော်လင့်နေကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)