ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူလိုတဲ့ ဆန္ဒမရှိရင် အခက်အခဲ ရှိနိုင်တယ်လို့ ကာချုပ် ပြောကြား

0
283

ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုတဲ့ ဆန္ဒမရှိရင် အခက်အခဲရှိနိုင်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ United State Institute of Peace (USIP) ဥက္ကဋ္ဌ Ms. Nancy Lindborg နဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံစဉ် အခုလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် တစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းမှာ တရားဥပဒေနဲ့အညီသာ လုပ်ဆောင်ရတဲ့ ဒီမိုကရေစီကျင့်စဉ်ကို နားလည်၊ လက်ခံဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းမူဝါဒ (၆)ရပ် ချမှတ်လုပ်ဆောင်နေတာဖြစ်ပြီး NCA ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးမှု၊ တောင်းဆိုမှုတွေ အပေါ် အချိန်ယူပြီး အပြန်အလှန်ဆွေးနွေး ညှိနှိုင်းကာ လက်မှတ်ရေးထိုး ခဲ့တာဖြစ်ပြီး အဲဒီစာချုပ်ပေါ်မှာ အခြေခံပြီး အေးချမ်းစွာတွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ရှင်းလင်း ပြောကြားပါတယ်။

အဲဒီနောက် USIP ဥက္ကဋ္ဌ Ms. Nancy Lindborg နဲ့ သံအမတ် ကြီးဟောင်း Mr. Derek Mitchel တို့က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လွန်စွာ ရှုပ်ထွေးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့အရေအတွက်၊ အမျိုးအစားတွေ များပြာတာကို သိရှိတယ်လို့ပြောပါတယ်။

ဒါ့အပြင် လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း နားလည်ပြီး ပြည်သူတွေရဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်ကြောင်းနဲ့ ရခိုင်ဒေသ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ တုန့်ပြန်မှု၊ ပွင့်လင်းမြင်သာမှု အားနည်းနေတယ်လို့ နိုင်ငံတကာမှ ရှုမြင်နေတာကြောင့် ပိုမိုပွင့်လင်း မြင်သာမှုရှိဖို့ လိုအပ်တယ်လို့ ပြောကြားပါတယ်။

အဲဒီလို ပြောကြားမှုနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ဒေသဖြစ်စဉ်နဲ့ ပတ်သက်ရင် နိုင်ငံတော်မှ ဒုတိယသမ္မတဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်ဆေးနေပြီး တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ခေါင်းဆောင်တဲ့ အဖွဲ့တို့နဲ့ စစ်ဆေးလျက်ရှိရာ မြေပြင်အခြေအနေနဲ့ စွပ်စွဲပြောဆိုချက်တွေမှာ လွန်စွာလွဲမှားနေပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဥပဒေနဲ့အညီသာ လုပ်ဆောင်နေပြီး အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ကာ အခြေအနေမှန်တွေကို အချိနဲ့တစ်ပြေးညီ သတင်းထုတ်ပြန်နေပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း သံတမန်တွေနဲ့ သတင်းထုတ်ပြန်တာကြောင့် အဲဒီထုတ်ပြန်မှုတွေအပေါ်မှာ သမာသမတ်ကျစွာ ရှုမြင်သုံးသပ်ဖို့ လိုတယ်လို့ ပြောကြားခဲ့ ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)