ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

0
753

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ (စတုတ္ထအကြိမ်) ညီလာခံမှာ သဘောတူ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို  ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

ဩဂုတ်လ (၂၆) ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ရှင်းလင်းတင်ပြခဲ့အပြီး အဲ့ဒီလို ကန့်ကွက်သူ မရှိအတည်ပြုခဲ့တာပါ။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံညီလာခံ (စတုတ္ထအကြိမ်) အစည်းအဝေးမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်အစုအဖွဲ့၊ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီအစုအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ အသိသက်သေတွေက စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)  အတွင်းမှာတော့ အပိုင်း (၁) အနေနဲ့     NCA စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၁၅ ချက်၊ အပိုင်း (၂) မှာတော့ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှု ဇယား ၁ နဲ့ အပိုင်း (၃) မှာတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ ၅ ချက်တို့ ပါဝင်ပါတယ်။   

    ဒီအချက်တွေအားလုံးဟာ  အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးစတဲ့  အဓိက ကျတဲ့ လုပ်ငန်းစဉ် (၅) ရပ်နဲ့ ချိတ်ဆက်နေတယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားတာပါ။

    အခုလိုသဘောတူခဲ့တဲ့ အချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက်ကိုလည်း ၂၀၂၀ ရွေးကောက်ပွဲအလွန် ရှေ့ဆက်လျှောက်လှမ်းရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး (၃) ရပ်နဲ့အတူ ၂၀၂၀ အလွန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အစီအစဉ်သစ်တို့ကိုလည်း ချမှတ်ပေးထားတာ ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)