ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံတဲ့ ထိုင်းလုပ်ငန်းတွေ လူ့အခွင့်အရေးမချိုးဖောက်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို

0
226

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ထိုင်းလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မဖြစ်ပေါ်အောင် မြန်မာ၊ ထိုင်း နှစ်ဖက်အစိုးရတွေနဲ့ ထိုင်းကုမ္ပဏီတွေက ကုလသမဂ္ဂက ချထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မူဝါဒတွေကို လိုက်နာဖို့ ထိုင်းနဲ့မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။


(ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတစ်ခုကို တွေ့ရစဉ်)

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ထိုင်းလုပ်ငန်းတွေကြောင့် လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နစ်နာမှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက်မှာ အဲဒီလို ထုတ်ပြန်လိုက်တာပါ။

ထိုင်းနိုင်ငံက NGO အဖွဲ့ ၂၇ ဖွဲ့နဲ့ မြန်မာနိုင်ငံက ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA)တို့က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလုပ်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်၊ လာအိုနိုင်ငံမှာလုပ်နေတဲ့ ဆာယာဘူရီဆည်နဲ့ ဟောင်ဆာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကိုကောင်ပြည်နယ်နဲ့ အော်ဒါမင်ချေပြည်နယ်ထဲက သကြားစိုက်ပျိုးရေးလုပ်ငန်းတွေဟာ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံနေတဲ့ လုပ်ငန်းတွေဖြစ်ပြီး လူမှုစီးပွားနဲ့ သဘာပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတွေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

မြန်မာအစိုးရအနေနဲ့ ပြည်တွင်းမှာလာရောက်လုပ်ကိုင်တဲ့ နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ဥပဒေကိုလိုက်နာဖို့နဲ့ စီမံကိန်းအဆင့်တိုင်းမှာ ပြည်သူပါဝင်မှုရှိဖို့လည်း ထားဝယ်ကွန်ရက်က တိုက်တွန်းခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်မှာ လုပ်ကိုင်နေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်း အနည်းဆုံး ကိုးခုကြောင့် ဒေသခံပြည်သူတွေအပေါ် ဆိုးဆိုးရွားရွား နောက်ဆက်တွဲ ထိခိုက်မှုတွေရှိနေတယ်လို့ DDA အဖွဲ့ရဲ့ အကြီးအကဲ ဦးသန့်ဇင်က ထိုင်းအခြေစိုက် The Nation သတင်းစာနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)