တပ်မတော်ရဲ့ ထိုးစစ်တွေဟာ တွေ့ဆုံဆွေးနွေးရေးပျက်အောင် ရည်ရွယ်ပြီး လုပ်နေတာလို့ UNFC ပြော

0
279

မြန်မာ့တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ခေါ်ဝေါ်နေပြီး အကြောင်းအမျိုးမျိုးပြကာ ပိုထိုးစစ်ဆင်နေတာတွေဟာ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ် ပျက်ပြားအောင် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေတာလို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

UNFC အနေနဲ့ ဇန်နဝါရီ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ ထိုင်း-မြန်မာ နယ်စပ်မှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီးနောက်မှ အခုလို ထုတ်ပြန်လိုက်တာပါ။

မြန်မာ့တပ်မတော်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို တရားသောစစ်ပွဲအသွင်နဲ့ မြန်မာပြည့်အနှံ့က မြို့ကြီးတွေမှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ)စစ်အစိုးရလက်ထက်တုန်းကလို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာကြောင့် ထိုးစစ်ဆင်မှုကို ထောက်ခံသူတွေနဲ့ စစ်မလိုလားသူတွေအကြား အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာနေတယ်လို့လည်း UNFC ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

UNFC အနေနဲ့တော့ လူထုအကြား ပိုမို စိတ်ဝမ်းကွဲစေတဲ့ လုပ်ဆောင်ချက်တွေနဲ့ တွေ့ဆုံဆွေးနွေးရေး အစီအစဉ် ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး NLD အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး မူဝါဒ ၇ ရပ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရာမှာ အပြုသဘောဆောင် ချဉ်းကပ်ပြီး ပူးပေါင်းပါဝင်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)