တူရကီ မိသားစုကို ရန်ကုန်လေဆိပ်မှာ ဖမ်းဆီး၊ ပြည်နှင်ဒဏ် ပေးဖွယ်ရှိ

0
474

တူရကီမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုကို စီစဉ်ခဲ့တဲ့ အစ္စလာမ် တရားဟောဆရာ ဖက်တူလာ ဂူလန်ရဲ့ အဖွဲ့နဲ့ ပတ်သက်နေတဲ့ တူရကီ မိသားစုကို မေလ ၂၄ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မြန်မာအာဏာပိုင်တွေက တားမြစ် ထိန်းသိမ်းထားလိုက်တာ ဖြစ်ပါတယ်။

မူကြို၊ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေ ဖွင့်ထားတဲ့ Horizon International School က ဒါရိုက်တာနဲ့ ဆရာဖြစ်သူ မူဟမ်မက် ဖာကန် ဆွတ်ခ်မန်း၊ သူ့ဇနီး အိုင်ဆီ ဆွတ်ခ်မန်းနဲ့ ၂ နှစ်အရွယ် သမီးတို့ ဘန်ကောက်ကို ထွက်ခွာဖို့ စောင့်ဆိုင်းနေချိန် လေဆိပ်မှာ တားဆီးခဲ့တာ ဖြစ်ပါတယ်။

သူတို့ ဇနီးမောင်နှံဟာ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ ဂူလန် အကြမ်းဖက် အဖွဲ့ (FETO) နဲ့ ပတ်သက်နေတယ်လို့ ဒေးလီး ဆာဘာ တူရကီသတင်းဌာနက ဖော်ပြပါတယ်။ Horizon International School တွေကို FETO က လည်ပတ်နေတာ ဖြစ်ပါတယ်။

FETO နဲ့ ဆက်စပ်နေတဲ့ Horizon စာသင်ကျောင်းတွေဟာ အမေရိကန်မှာလည်း ရှိပြီး မြန်မာနိုင်ငံမှာ Horizon International School ကို ရန်ကုန်နဲ့ မန္တလေးမှာ တည်ထောင်ထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်ကတည်းက စတင် ဖွင့်လှစ်ခဲ့တဲ့ Horizon International School ကျောင်းဟာ တရားဝင် မှတ်ပုံတင်မထားဘူးဆိုပြီး အစိုးရက ကြေညာခဲ့ပါတယ်။

လူ ၂၅၀ သေဆုံးခဲ့တဲ့ တူရကီ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကြောင့် FETO နဲ့ ဆက်စပ်နေတဲ့ စာသင်ကျောင်းတွေဟာ အနီးကပ် စောင့်ကြည့်ခံနေရပါတယ်။

FETO နဲ့ ဆက်စပ်နေတဲ့ ကမ္ဘာတဝန်းမှာ ရှိတဲ့ စာသင်ကျောင်း၊ ကောလိပ်နဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းပစ်ဖို့ တူရကီ အစိုးရက တောင်းဆိုထားတယ်လို့ ဒေးလီး ဆာဘာ တူရကီသတင်းဌာနက ဖော်ပြပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေအရတော့ ဆွတ်ခ်မန်းကို ဆက်လက် ထိန်းသိမ်းထားပြီး ဇနီးနဲ့ ကလေးကိုတော့ ဘန်ကောက်ကို သွားခွင့်ပြုလိုက်တယ်လို့ ယုံကြည်ရပါတယ်။

ဆွတ်ခ်မန်းရဲ့ နိုင်ငံကူးလက်မှတ်ကို တူရကီ အစိုးရက ပယ်ဖျက်လိုက်လို့ လေဆိပ်မှာ ထားဆီးထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ သမ္မတရုံးက ပြောပါတယ်။

တကယ်လို့ ဆွတ်ခ်မန်းသာ တူရကီကို ပြန်ပို့ခံရရင် အရေးယူခံရမယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုနေကြပြီး ဆွတ်မန်းက သူ့ကို ကူညီကြဖို့ ပြောထားတဲ့ ဗီဒီယိုတစ်ခုကို အွန်လိုင်းမှာ တင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)