မြတောင်ကျောင်းထိုင်ဆရာတော်ကို ရိုက်နှက်ပြီး ကားခိုးခဲ့တဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိ

0
307

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ မြတောင်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကို ရိုက်နှက်ပြီး ကျောင်းဝင်းအတွင်းက ကားကိုခိုးယူမောင်းနှင်ခဲ့သူ နှစ်ဦးကို အမှုဖြစ်ပွားပြီး လေးရက်အကြာမှာ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်။

ထန်းတပင်မြို့၊ မိချောင်းခေါင်းကျေးရွာနေ လမင်းထွန်း(ခ) မင်းမင်း (၂၃ နှစ်)နဲ့ ကညွတ်ကွင်းမြို့၊ ဗိုလ်တဲရပ် နေ ကျော်ရှင်းမောင် (၁၇ နှစ်)တို့နှစ်ဦးဟာ ဇန်နဝါရီ ၂၁ ရက်နေ့က မြတောင်ကျောင်းတိုက်မှာ ကျောင်းထိုင်ဆရာတော်တစ်ပါးတည်း သီတင်းသုံးနေစဉ် ဆရာတော်ရဲ့ ဦးခေါင်းကို ရိုက်နှက်ပြီး ကျောင်းက သော့တွဲတစ်တွဲနဲ့ ကားတစ်စီးကို ခိုးယူမောင်းနှင် ထွက်ပြေးခဲ့တာပါ။

လမင်းထွန်း(ခ)မင်းမင်းကို ကရင်ပြည်နယ်၊ မြဝတီမြီု့မှာ အရင် ဖမ်းမိခဲ့တာဖြစ်ပြီး သူ့ရဲ့ ထွက်ဆိုချက်အရ ကျော်ရှင်းမောင်ကို ကညွတ်ကွင်းမှာ ထပ်မံ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းမိတဲ့ လူငယ်နှစ်ဦးစလုံးကို တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲစခန်းက တာဝန်ရှိသူတွေက ဇန်နဝါရီ ၂၄ ရက်နေ့မှာ လွှဲပြောင်းဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။

“သူတို့ကို ဖမ်းတာက ကျွန်တော်တို့မြို့က ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘောလုံးပွဲမှာ ဖမ်းမိတာပါ။ ညနေစောင်းမှာပေါ့။ သူတို့က ကားခိုးယူပြီး ထန်းတပင်-ကျောက်ကြီး လမ်းကနေ ကညွတ်ကွင်းကို လာပြန်ပို့တယ်။ ပြီးတော့ ပိုက်ဆံ သုံးသောင်းနဲ့ အသံချဲ့စက်မိုက်နှစ်လုံးပေးခဲ့တယ်။ ကျော်ရှင်းမောင်ကိုက မြဝတီကို ကားယူသွားတဲ့ လူက ဖော်လို့ ဖမ်းမိတာ။ ဆရာတော်ကို ရိုက်တာက မြဝတီကို ကားယူသွားတဲ့လူ ရိုက်တာလို့ စစ်ချက်ထဲမှာ ဖော်ပြထားပါတယ်”လို့ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။

တောင်ငူမြို့ ၆ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြတောင်ဘုန်းကြီးကျောင်းဟာ အရင်ကလည်း အလားတူ အနုကြမ်းစီးတဲ့ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ဖူးပေမဲ့ အမှုဖွင့်တရားစွဲဆိုတာမျိုး မလုပ်ခဲ့ပါဘူး။ အခုတစ်ကြိမ်မှာလည်း လမင်းထွန်းနဲ့ ကျော်ရှင်းမောင်တို့နှစ်ဦးကြောင့် ဆရာတော်ရဲ့ ဦးခေါင်းမှာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပေမဲ့ ဆရာတော်နဲ့ ဒါယိကာ၊ ဒါယိကာမတွေက တရားစွဲတာမျိုး မရှိခဲ့ပါဘူး။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)