NCA ဟာ လမ်းဆုံး မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

0
339

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ဟာ လမ်းဆုံးမဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲ တံခါးကို ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားစဉ် (ဓာတ်ပုံ – HEIN HTET/EPA)

အဲဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်အောင်၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် NCA ကို လက်မှတ်ရေးထိုးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မေလ ၂၄ ရက်နေ့မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ ဒုတိယ အစည်းအဝေး အခမ်းအနား ဖွင့်ပွဲမှာ တိုက်တွန်းလိုက်တာပါ။

NCA ဟာ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ကြောင်း၊ သမိုင်းတစ်လျှောက် အပစ်ရပ် အဆင့်ကို ပုံစံ အမျိုးမျိုးနဲ့ ဆောင်ရွက်ခဲ့ပေမယ့် ပျက်ပြယ်သွားခဲ့ကြောင်း၊ NCA ကို ဆွေးနွေး ညှိနှိုင်းခဲ့စဉ်က NLD မပါခဲ့ပေမယ့် အစိုးရတစ်ရပ်တဲ့ တာဝန်သိမှု၊ တာဝန်ယူမှု အပြည့်အဝေနဲ့ လက်ခံရယူပြီး ဒီလမ်းကြောင်းကို လျှောက်ခဲ့တာ ဖြစ်ကြောင်းလည်း သူမက ထည့်သွင်း ပြောကြားသွားပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သူ့ရဲ့ မိန့်ခွန်းမှာ NCA ကို လက်မှတ်ထိုးတာဟာ လက်နက်ချတာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

NCA ကို လက်မှတ် မထိုးသေးတဲ့ အဖွဲ့တွေကတော့ ‘ဝ’ သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA)၊ မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA)၊ နာဂ လက်နက်ကိုင်အဖွဲ့ (NSCNK)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/ TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO)၊ ရခိုင့် တပ်မတော် (AA) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)