UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်းရဲ့ ငြိမ်းချမ်းရေး စာချုပ်အသစ် ချုပ်ဆိုဖို့ ပြောဆိုလိုက်တဲ့ အပေါ်မှာ ဝေဖန်မှုတွေ ရှိလာ

0
300

အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်သစ်တစ်ရပ်ကို လက်ရှိအစိုးရအနေနဲ့ ပြန်လည်ပြုစုရေးသားပေးဖို့လိုပြီး ယခင်ကသတ်မှတ်ထားတဲ့ NCA စာချုပ်ကို ငြင်းဆန်တယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေး UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပန်ဆန်းမြို့မှာ ပြုလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီးအစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။
အဲဒီလို ပြောကြားလိုက်တာနဲ့ ပတ်သက်ပြီး MCN သတင်းဌာနက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ရဲ့ သဘောထားကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ “အခုလိုပြောကြားလိုက်တာဟာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အမှန်တော့ အခုလိုပြောဆိုနေတာထက် စာရင် အစိုးရနဲ့တိုက်ရိုက်ဆွေးနွေးတာတွေ လုပ်ဖို့လိုတယ်။ အစိုးရဖက်ကလည်း တချို့လိုအပ်တဲ့အပိုင်းတွေကို ပြင်ဆင်ပေးဖို့လိုမယ်ထင်တယ်။ အပစ်အခတ်ရပ်ဆဲရေး သဘောတူသာချုပ်အသစ်တစ်ခု ပြုလုပ်ပေးဖို့ ဆိုတာကတော့မဖြစ်နိုင်ပါဘူး။ အစိုးရဆိုတာ အခုလိုပြောဆိုမှုတွေအပေါ်မှာ လိုက်လျောလို့ဘယ်ဖြစ်မလဲ လိုက်လျောမှာလည်းမဟုတ်ပါဘုး”လို့ ပြောကြားပါတယ်။

ဒါ့အပြင် လက်ရှိပန်ဆန်းဒေသမှာပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ပြုလုပ်နေတဲ့ဆွေးနွေးချက်တွေဟာ အစိုးသစ် အနေနဲ့ပြုလုပ်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံကို ထိခိုက်မှုမရှိနိုင်ဘူးလို့ ဒီမိုကရက်ပါတီ(မြန်မာ)ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးသုဝေက ပြောကြားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ချက်ခြင်းတော့ ဖြစ်မလာနိုင်ဘဲ အချိန်ယူဆွေးနွေးရတဲ့ လုပ်ငန်းဖြစ်ပြီး အမေရိကားမှာတောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နှစ် ၈၀ လောက်ကြာတဲ့အထိ လုပ်ကိုင်ခဲ့ရတာဖြစ်ပြီး အချို့နိုင်ငံတွေမှာလည်း နှစ်အတန်ကြာပြုလုပ်ရတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေတယ် ဆိုတာဟာလည်း တစ်ဖက်နဲ့တစ်ဖက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကိုဖောက်ဖျက်လို့ အခုလို ဖြစ်တာလို့ပြောပါတယ်။ NCA စာချုပ်ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပြန်အလှန်သဘော တူပြီးမှ လက်မှတ်ထိုးကြတာဖြစ်တဲ့အတွက် အခုလိုပြောဆိုလိုက်တာဟာ တစ်ဖက်သတ်ပြောဆိုလိုက်တာ သာဖြစ်တယ်လို့ မှတ်ချက်ပြု ပြောကြားပါတယ်။

လက်တလောအခြေအနေမှာတော့ အခုလိုပြောဆိုမှုတွေ၊ တောင်းဆိုမှုတွေရှိနေပေမယ့် ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအကြိမ်ကျင်းပနိုင်ဖို့အတွက် လက်နှက်ကိုင်တိုင်းရင်းသားတွေ အားလုံပါဝင်နိုင်ရေးနဲ့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ပါဝင်လာနိုင်ရေးဟာ အရေးကြီး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်တွေအောင်မြင်ဖို့လည်း အားလုံးဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)