မြန်မာ့ငြိမ်းချမ်းရေး တရုတ်အတွက်လည်း အရေးကြီးတယ်လို့ တရုတ်သံအမတ်ကြီး ပြော

0
350

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ တရုတ်နိုင်ငံအတွက်ပါ အလွန်ကြီးမားတဲ့ အရေးကိစ္စဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာ မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုတွေ များစွာရှိခဲ့ကြောင်းနဲ့ အဲဒီ ပဋိပက္ခတွေဟာ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ကြီးမားတဲ့ အန္တရာယ်ပဲလို့ The Global New Light of Myanmar သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ပြောသွားပါတယ်။

တရုတ်-မြန်မာ နယ်စပ်အနီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြတာ၊ တရုတ်နိုင်ငံဘက်ကို လက်နက် ကျရောက် ပေါက်ကွဲတာတွေ ဖြစ်ခဲ့ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ မြန်မာပြည်သူတွေ အတွက်သာမက တရုတ်ပြည်သူတွေ အတွက်ပါ အရင်းအနှီး ကြီးမားတယ်လို့လည်း တရုတ်သံအမတ်ကြီးက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေဟာ သင့်တင့်လျောက်ပတ်ဖို့ လိုအပ်သလို သူတို့ရဲ့ သင့်တင့်လျောက်ပတ်တဲ့ တောင်းဆိုချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့နဲ့ လေးစားသမှုပြုဖို့ လိုတယ်လို့လည်း သံအမတ်ကြီးက အကြံပြုသွားပါတယ်။

မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၃ သန်း လှူဒါန်းဖို့လည်း ကတိပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)