မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို ရာထူးက တရားဝင် နုတ်ထွက်ခွင့်ပြု

0
413

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို နိုင်ငံတော်သမ္မတက ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ မိမိသဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။

ဦးမင်းမင်းဦးဟာ မွန်ပြည်နယ်ဝန်ကြီးချုပ်ရာထူးအပြင် သူတာဝန်ယူထားတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ရာထူးတွေကနေပါ နုတ်ထွက်စာ တင်ခဲ့တာဖြစ်ပြီး ရာထူးအားလုံးကို နိုင်ငံတော်သမ္မတက နုတ်ထွက်ခွင့်ပြုခဲ့တာပါ။

ဦးမင်းမင်းဦးဟာ သူတာဝန်ယူထားတဲ့ ရာထူးအားလုံးကနေ နုတ်ထွက်ဖို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ သမ္မတဦးထင်ကျော်ဆီကို နုတ်ထွက်စာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ရာထူးကနေ နုတ်ထွက်တဲ့အကြောင်းရင်းကို ဦးမင်းမင်းဦးက အတိအကျ မပြောသေးပေမဲ့ နုတ်ထွက်တဲ့အကြောင်းရင်းတွေထဲမှာ မကြာသေးမီက မွန်ပြည်နယ်မှာ ဖွင့်လှစ်မယ့်တံတားတစ်စင်းကို နာမည်ပေးတဲ့ကိစ္စလည်း ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဦးမင်းမင်းဟာ ပြည်နယ်ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ရာထူးတွေအပြင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်ကနေပါ နုတ်ထွက်ခဲ့တာ ဖြစ်ပေမဲ့ နိုင်ငံရေးလောကကနေ အနားယူမှာတော့ မဟုတ်ဘူးလို့ ပြည်တွင်းမီဒီယာတစ်ခုနဲ့ ဒီတစ်ပတ်အတွင်း တွေ့ဆုံစဉ်မှာ ဖြေကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)