ဆန္ဒပြနေတဲ့ လက်ပံတောင်းတောင် ဒေသခံတွေကို အကြမ်းမဖက်ဖို့ ရဲမှူးနဲ့ ဒေသခံတွေကြား သဘောတူ

0
333

ဝမ်ပေါင်ကုမ္ပဏီကနေ သီးနှံလျော်ကြေးရဖို့ ဆန္ဒပြနေတဲ့ လက်ပံတောင်းတောင် ဒေသခံတောင်သူတွေကို အကြမ်းမဖက်ရေး မြို့နယ်ရဲမှူးနဲ့ လက်ပံတောင်းတောင် ဒေသခံတွေကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒေသခံတွေဟာ ဖေဖော်ဝါရီ ၂၁ ရက်ကစတင်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်အထိ မိုးကြိုးပြင်အလယ်ရွာထိပ်မှာ ဆန္ဒပြနေကြတာပါ။

လာမယ့် ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊သက်ဆိုင်ရာ လွှတ်တော်အမတ်တွေနဲ့ ဒေသခံတွေ တိုင်းလွှတ်တော်မှာ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မှာတော့ ၀မ်ပေါင်ကုမ္ပဏီထဲကို ပစ္စည်းပို့ဆောင်မယ့် ကားသုံးစီးကို အာဏာပိုင်တွေရဲ့ တောင်းဆိုမှုကြောင့် ပြန်လွှတ်လိုက်ပြီး ကြေးနီကားနှစ်စီးကိုတော့ လက်ပံတောင်းတောင်ဒေသခံတွေက ဆက်လက် တားဆီးထားပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ သက်ဆိုင်ရာ လွှတ်တော်အမတ်တွေနဲ့ ဒေသခံတွေ တိုင်းလွှတ်တော်မှာ တွေ့ဆုံညှိနှိုင်းလို့ အဆင်ပြေလာခဲ့ရင် အဲဒီကားနှစ်စီးကို ပြန်လွှတ်ပေးမှာဖြစ်ပြီး တွေ့ဆုံညှိနှိုင်းလို့ အဆင်မပြေလာခဲ့ရင်တော့ ဒေသခံတွေက ဆက်လက်ဆန္ဒပြမှုတွေ ပြုလုပ်သွားမှာဖြစ်သလို တားဆီးထားတဲ့ ကြေးနီကားတွေကိုလည်း ပြန်လွှတ်ပေးမှာ မဟုတ်ဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

လက်ပံတောင်းတောင်းဒေသခံတွေကတော့ အစီရင်ခံစာပါ အစားထိုးမြေ ဧက ၁၉၀၀ အားဖော်ထုတ်ပေးရေး မြေသိမ်းလျော်ကြေးငွေ မယူထားတဲ့ သိမ်းဆည်းခံမြေယာများအတွက် သီးနှံလျော်ကြေးပေးရေး၊ ကြေးနီစီမံကိန်း လုပ်ငန်းဖော်ဆောင်ရေး ကော်မတီမရှိဘဲ ကြေးနီထုတ်ယူနေမှုအား လုံးဝရပ်ဆိုင်းပေးရေး၊ လက်ပံတောင်းတောင်ဒေသတွင်း ကြေးနီစီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုစီးပွားဘဝ ထိခိုက်မှု များအား ပြန်လည် တည်ဆောက်ပေးရေး စတဲ့အချက်တွေကို လက်ကိုင်ထားပြီး ဆန္ဒပြနေတာလလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)