စိတ်ကြွဆေးပြား ၁၄ သန်း ဖမ်းမိဖို့ ကိုယ့်အသိစိတ်နဲ့ကိုယ် ကင်းထောက်ပေးခဲ့တဲ့ အရပ်သားကို နိုင်ငံတော်အတိုင်ပင်ခံရုံးက ဂုဏ်ပြု

0
328

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းတင်ဆောင်လာတဲ့ ဆီဘောက်စာယာဉ် ဖမ်းမိတဲ့အမှုမှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ ၈ ရက်တိုင်တိုင် အပင်ပန်းခံ ကင်းထောက်ပေးခဲ့တဲ့ အရပ်သား ကိုရာဇာဟိန်းကို နိုင်ငံတော်အတိုင်ပင်ခံရုံးက ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့၊ ပန်းတောင်းမြို့နယ်နေ ကိုရာဇဟိန်းဟာ ဘယ်သူမှ တိုက်တွန်း၊ ခိုင်းစေ၊ ဖိအားပေးတာမျိုးမရှိဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် အပင်ပန်းခံပြီး မူးယစ်တိုက်ဖျက်ရေးဆောင်ရွက်ခဲ့တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးက ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခဲ့တာပါ။

ဆိုင်ကယ်ပြင်တဲ့အလုပ်နဲ့ အသက်မွေးတဲ့ အသက် ၃၅ နှစ်အရွယ် ကိုရာဇာဟိန်းဟာ ပန်းတောင်းမြို့နယ်၊ ပန်းတောင်း-တောင်ကုတ် တောင်ကြားလမ်း ညောင်ဂျိုးစစ်ဆေးရေးဂိတ်အနီး ၂၀၁၆ ဒီဇင်ဘာ ၂ ရက်နေ့မှာ စမ်းပက်လက်နားနေစခန်းအနီးမှာ မသင်္ကာဖွယ် ဆီဘောင်စီကားတစ်စီးကို တွေ့ရှိခဲ့ရာမှာ ယောက္ခတော်စပ်သူ ဥသျှစ်ပင် ယာဉ်ထိန်းရဲ ရဲအုပ် ကျော်စိုးဦးကို သတင်းပို့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ရဲအုပ်ကျော်စိုးရဲ့ ပြောကြားချက်အတိုင်း ကျောက်ကွင်းလုပ်သား အယောင်ဆောင်ပြီး မသင်္ကာသူ ခင်ဇော်ဦးအိမ်ကို ဒီဇင်ဘာ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ နေ့ရောညပါ မျက်ခြေပြတ်မခံဘဲ ကင်းထောက် စောင့်ကြည့်ပေးခဲ့ပါတယ်။

ကိုရာဇာဟိန်းရဲ့ နောက်ယောင်ခံ စောင့်ကြည့်မှုနဲ့သတင်းပေးမှုကြောင့် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှာ စိတ်ကြရူးသွပ်ဆေးပြားတွေ ပီပါ ၁၄ လုံးနဲ့ တင်လာတဲ့ WY စာတန်းပါ စိတ်ကြရူးသွပ်ဆေးပြား ၁၄ သန်းကို ပစ္စည်းစုဆောင်းသူ ခင်ဇော်ဦး (၅၁ နှစ်)နဲ့အတူ ဖမ်းဆီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

တာဝန်သူ တစ်ယောက်အနေနဲ့ အပင်ပန်းခံ ဝီရိယစိုက်ပြီး ကင်းထောက်ပေးခဲ့တဲ့ ကိုရာဇာဟိန်းဟာ အငြိမ်းစား ရဲတပ်ကြပ်ကြီး ဦးမြဝင်းနဲ့ ဒေါ်ငြိမ်းငြိမ်းတို့ရဲ့ သားဖြစ် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ နေထိုင်လျက်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)