ရခိုင့်တပ်မတော်ကြောင့် ဒေသခံ ၃၀၀ ခန့် အိန္ဒိယဘက် ထွက်ပြေး

0
261

ရခိုင့်တပ်မတော် (AA) ရဲ့ ခြိမ်းခြောက် ဖမ်းဆီးမှုတွေကြောင့် ချင်း ဒေသခံ ၃၀၀ ကျော် အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန အဆိုအရ ဒေသခံတွေဟာ မေလ ၁၉ ရက်နေ့က ထွက်ပြေးခဲ့ရတာဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုဖြစ်ကြောင်း၊ အမျိုးသားတွေကို ရခိုင့်တပ်မတော်က ဖမ်းဆီးထားကြောင်း သိရပါတယ်။

မီဇိုရမ်တောင်ပိုင်း၊ လန်ပွတ်ခ်ရွာမှာ မြန်မာပြည်က ထွက်ပြေးလာတဲ့ လူအုပ်စု ရောက်ရှိနေကြောင်း သိရလို့ စေလွှတ်စုံစမ်းရာမှာ ဒုက္ခသည် ၂၀၀ ခန့် တွေ့ရတာ ဖြစ်တယ်လို့ အာသံရိုင်ဖယ်တပ်ဖွဲ့က ပြောပါတယ်။ နောက်တစ်ရွာဖြစ်တဲ့ ခိုင်ကေရွာမှာလည်း မြန်မာ ဒုက္ခသည် ၇၇ ဦး ထပ်တွေ့ခဲ့ပါတယ်။

သူတို့ဟာ ချင်းပြည်နယ်၊ ရာလီရွာက ဒေသခံတွေဖြစ်ကြောင်း၊ ရခိုင့်တပ်မတော်က သူတို့ကို ခြိမ်းခြောက်ပြီး အမျိုးသားတွေကို ဖမ်းဆီးလို့ ထွက်ပြေးခဲ့ရတာဖြစ်ကြောင်း ဒုက္ခသည်တွေက ပြောတယ်လို့ နယူးအိန္ဒိယ အိက်စ်ပရက် သတင်းဌာနက ဖော်ပြပါတယ်။

ဒုက္ခသည်တွေကို စာသင်ကျောင်းနဲ့ အများပြည်သူသုံး ခန်းမတွေမှာ နေရာချထားပြီး စားနပ်ရိက္ခာ ထောက်ပံ့ထားပါတယ်လို့ မီဇိုရမ် ပြည်ထဲရေး ဝန်ကြီး အာရ် လယ်ဇာလီယန်နာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)