ဒေါ်နီလာသိန်း မရမ်းကုန်းရဲ စခန်းမှုးကို တရားစွဲဆိုတဲ့အမှု တရားရုံးက လက်ခံလိုက်ပြီး ဧပြီ ၄ ရက်နေ့မှာ စတင်ကြားနာဖို့ရှိ

0
289

၈၈ မျိုးဆက်ကျောင်းသူ ဒေါ်နီလာသိန်းက မရမ်းကုန်းရဲစခန်းမှူး ရဲအုပ်သန်းဝင်းကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုနဲ့ တရားဆွဲဆိုချက်ကို မရမ်းကုန်းမြို့နယ် တရားရုံးက လက်ခံလိုက်ပြီဖြစ်ပါတယ်။

Daw Ni Lar Thein
ဓာတ်ပုံ (မျိုးကိုမျိုး)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် တရားရုံးကို ဒေါ်နီလာသိန်းက ဦးတိုက် လျှောက်ထားရာမှာ အမှုတွဲအမှတ် ၃၁၇ နဲ့ မတ်လ (၂၁) ရက်နေ့က လက်ခံလိုက်တာလို့ ခင်ပွန်းဖြစ်သူ ဦးဂျင်မီက MCN ကို ပြောပါတယ်။

ဒါအပြင် အဲ့ဒီ အမှုကို လာမယ့် ဧပြီလ ၄ ရက်နေ့မှာ မရမ်းကုန်းမြို့နယ်တရားရုံးက စတင်ကြားနာဖို့ ရှိနေတယ်လို့လည်း ဦးဂျင်မီက ဆိုတာပါ။

ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ အမျိုးသားပညာရေးဥပဒေကြမ်း ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုမှာ ဒေါ်နီလာသိန်း ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မရမ်းကုန်းမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ နဲ့ စတင်တရားဆွဲဆိုခဲ့တာပါ။ အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ရဲစခန်းက ဆက်သွယ်ရှာဖွေရာမှာ မတွေ့ရှိတဲ့ အတွက် တရားခံပြေးအဖြစ် ကြေညာခဲ့တာဖြစ်ပါ။ ဒီအပေါ်ကို ဒေါ်နီလာသိန်းရဲ့ ခင်ပွန်းဖြစ်သူ ဦးဂျင်မီက

“ကျွန်တော်တို့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေကို သေသေချာချာ မလုပ်ကိုင်နိုင် တာပဲလို့ပြောရမယ်။ ရဲစခန်းက မနီလာသိန်းကို အိမ်လိပ်စာမှားပြီး ရှာတယ်တဲ့ဗျာ။ သုံးခါတိတိ လိပ်စာမှားပြီး ရှာနေတာကို မတွေ့လို့ဆိုပြီး မနီလာသိန်းကို ဝရမ်းပြေးအဖြစ် ကြေညာတယ်။ မနီလာသိန်းက ကျွန်တော်တို့ ၈၈-ပွင့်လင်းရုံးမှာ အမြဲရှိတယ်။ ပြီးတော့ နိုင်ငံရေးပွဲတွေ လူမှုရေးပွဲတွေမှာလည်း သူအမြဲရှိနေတယ်။ အဲ့ဒီအပြင် ကျွန်တော်တို့ ၈၈ ပွင့်လင်းက ရေဘေး၊ ငလျှင်ဘေး၊ ဒုက္ခသည်တွေအတွက် အဲဒီဒေသတွေကို သွားပြီးကူညီ လှူဒါန်းတာတွေလုပ်နေတဲ့ အခါမှာလည်း မနီလာသိန်းတို့ပဲ ဦးဆောင်ပြီး လုပ်နေတာပဲ။ အဲဒါကို မနီလာသိန်းကို မတွေလို့ဆိုပြီး ဝရမ်းထုတ်လိုက်တာကတော့ တော်တော်လွဲတယ်။ ဂုဏ်သိက္ခာကို ထိခိုက်အောင် တမင်လုပ်လိုက်တဲ့သဘောပဲ” လို့ ဆိုပါတယ်။

ဒေါ်နီလာသိန်းဟာ ၈၈ မျိုးဆက်ကျောင်းသူ တစ်ယောက်ဖြစ်သလို ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက် တွေမှာလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ၈၈ မျိုးဆက်ကျောင်းသူ၊ ကျောင်းသားတွေ ဦးဆောင်တဲ့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှာ အမျိုးသမီးရေးရာ တာဝန်ခံအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)