ဖားကန့်က ဆရာအောင်ဇင်ထွန်း သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး ဆရာ၊ ဆရာမတွေ ဆန္ဒထုတ်ဖော်

0
270

ဖားကန့်မြို့နယ်မှာ အသတ်ခံခဲ့ရတဲ့ အလယ်တန်းပြ ကျောင်းဆရာ အောင်ဇင်ထွန်းရဲ့ အမှု အမှုမှန် ဖော်ထုတ်ပေးဖို့ ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ရန်ကုန်မြို့၊ မြို့တော်ခန်းမနဲ့ မဟာဗန္ဓုလပန်းခြံမှာ ဇန်နဝါရီ ၂၂ ရက်နေ့၊ နေ့လည် (၁) နာရီက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဆရာ၊ ဆရာမ အင်အား ၁၀၀ နီးပါးက ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

အဲ့ဒီဆန္ဒထုတ်ဖော်မှုမှာတော့ ဆရာအောင်ဇင်ထွန်းအား သတ်ဖြတ်သူတွေကို ဖော်ထုတ်ပေးရေး၊ အကြမ်းဖက် လက်နက်ကိုင်   လမ်းစဉ်အလို မရှိ၊ဆရာ၊ ဆရာမတွေရဲ့ လူမှုဘဝ လုံခြုံရေး၊ ဆရာ၊ ဆရာမတွေဆိုတာ ငြိမ်းချမ်းရေးရဲ့ သံတမန် စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း ကျေးရွာအုပ်စု၊ နမ္မဖြစ် ကျေးရွာ အလယ်တန်းကျောင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာအောင်ဇင်ထွန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၈) ရက်နေ့က သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ဆရာအောင်ဇင်ထွန်း သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး တခြားနယ်မြို့ကြီးတွေမှာလည်း ဆရာ၊ ဆရာမတွေက အမှုမှန်ပေါ်ပေါက်ဖို့ ဆန္ဒထုတ်ဖော်မှုတွေကိုလည်း ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)