အလှမယ် မျိုးကိုကိုစန်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်

0
333

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီး စစ်ဆေး ချုပ်နှောင် ခံခဲ့ရတာနဲ့ပတ်သက်ပြီး အလှမယ် မျိုးကိုကိုစန်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိနေပါတယ်။

ဇန်န၀ါရီလ (၂၃) ရက်၊ တနင်္လာနေ့ နေ့လည် ၁၁ နာရီအချိန် ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်ဘုရားလမ်းရှိ Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာပါ။

အဲ့ဒီ သတင်းစာရှင်းလင်းပွဲမှာတော့ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ အမှန်တရားအတွက် အများပြည်သူတွေ အဖြစ်မှန် သိရှိစေရန်နဲ့ တရားမျှတမှု ရှိစေရန်အတွက် သတင်းမီဒီယာတွေက တဆင့် ပြောကြားသွားဖို့ ရှိနေတာဖြစ်ပါတယ်။

အလှမယ် မျိုးကိုကိုစန်းကို Cele Cele Small Page ရဲ့ Admin ဆိုတဲ့ စွပ်စွဲချက်နဲ့ သရုပ်ဆောင် ၀တ်မှုံရွှေရည်က အမှုဖွင့်တိုင်ကြားခဲ့ကြောင့် ဇန်န၀ါရီလ (၁၇) ရက်နေ့က စတင် ဖမ်းဆီးစစ်ဆေးခဲ့တာပါ။

ဖမ်းဆီး စစ်ဆေးမှုတွေပြုလုပ်အပြီး ဇန်န၀ါရီလ (၂၀) ရက်နေ့မှာ အချုပ်ကနေ ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။

အဲ့ဒီလို ပြန်လည် လွတ်မြောက်လာအပြီး ဥပဒေအကြံပေးတွေအပါဝင် လိင်တူချစ်သူ LGBT အရေး ဆောင်ရွက်နေကြတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှုတွေရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရမှုနဲ့ပတ်သက်ပြီး မြန်မာ LGBT အခွင့်အရေးဆိုင်ရာ ကွန်ရက်ကလည်း ကြေညာချက် တစ်စောင် ထုတ်ပြန်ထားတာပါ။

မျိုးကိုကိုစန်းဟာ ၂၀၁၃ခုနှစ်က ကျင်းပခဲ့တဲ့ Miss Rainbow Ribbon Myanmar 2013 ပြိုင်ပွဲမှာ Crown ရရှိခဲ့ပြီး ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပခဲ့တဲ့ ဂေးအလှမယ်တွေသာ ယှဉ်ပြိုင်ရတဲ့ Miss International Queen 2014 ပြိုင်ပွဲကိုလည်း ဝင်ရောက်ယဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)