ရခိုင်ပြည်နယ်အရေး အမှီအခိုကင်းတဲ့ ပညာရှင်အဖွဲ့ အာဆီယံက ဖွဲ့စည်းပေးဖို့ မလေးရှားအဆိုပြု

0
299

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို စစ်ဆေးအတည်ပြုနိုင်ဖို့အတွက် အာဆီယံ အနေနဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ အများက လေးစားရတဲ့သူတွေပါဝင်တဲ့ အမှီအခိုကင်းတဲ့အဖွဲ့တစ်ဖွဲ့ တည်ထောင်ပေးဖို့ အဆိုပြုခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

malaysia

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ဒီဇင်ဘာ ၁၉ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေး အထူးအစည်းအဝေး လုပ်ပြီးနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ အဲဒီလို ဖော်ပြထားတာပါ။

အချက် ၂၈ ချက်ပါဝင်တဲ့ အဲဒီထုတ်ပြန်ချက်ရဲ့ နံပါတ် ၂၂ အချက်မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ရန်ကုန်မှာလုပ်တဲ့အစည်းအဝေးအတွင်း ရခိုင်အရေးနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့တဲ့အချက်နှစ်ချက်ကို ပြန်လည် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အရေးအကြီးဆုံး ကိစ္စရပ်ကတော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးဖို့နဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ရေရှည်တည်မြဲတဲ့ အဖြေတစ်ခုရဖို့ အာဆီယံက အမှီအခိုကင်းတဲ့ ပညာရှင်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးဖို့ အဆိုပြုဆွေးနွေးခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စကို ဘာသာရေးရှုထောင့်ကနေ မကြည့်ဘဲ အရေးပေါ် ဖြေရှင်းရမယ့် လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်အနေဲနဲ့ ရှုမြင်ကြောင်းနဲ့ ဘင်္ဂလီတွေကို မြန်မာအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်မပြုပေမဲ့လည်း အခြေခံလူ့အခွင့်အရေးတွေတော့ ရဖို့ ထိုက်တန်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)