မြန်မာအလုပ်သမားတွေကို ဘတ် ၁ သန်းကျော် လျော်ကြေးပေးဖို့ ထိုင်းတရားရုံး အမိန့်ချ

0
264

နာရီများစွာ ခိုင်းစေမှု၊ လစာငွေ မပေးမှုတွေကြောင့် ထိုင်း ကြက်သားထုတ်လုပ်ရေး လုပ်ငန်းတစ်ခု အနေနဲ့ မြန်မာအလုပ်သမား ၁၄ ဦးကို လျော်ကြေး ဘတ် ၁ ဒသမ ၇ သန်း ပေးဖို့ ထိုင်း အလုပ်သမား တရားရုံးက အမိန့် ချမှတ်လိုက်ပါတယ်။

လော့ဘူရီမှာ ရှိတဲ့ ကြက်သားထုတ် စက်ရုံ တခုဖြစ်တဲ့ ဓမ္မကာဆတ် ကုမ္ပဏီကို မြန်မာရွှေ့ပြောင်း လုပ်သားတွေအပေါ် အများပြည်သူ အားလပ်ရက်တွေမှာ အပါအဝင် အချိန်ပိုတွေ စေခိုင်းတဲ့အတွက် ဆာရာဘူရီ ဒေသ အမှတ် (၁) အလုပ်သမားတရားရုံးက မနေ့က မတ်လ ၁၇ ရက်နေ့မှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဓမ္မကာဆတ် ကုမ္ပဏီဟာ ထိုင်း ပို့ကုန် လုပ်ငန်းကြီး ဖြစ်တဲ့ ဘီတာဂရို (Betagro) အတွက် ကန်ထရိုက်စနစ်နဲ့ အလုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ဘီတာဂရိုလို ကုမ္ပဏီကြီးက အတင်းအဓမ္မ အလုပ်စေခိုင်းမှုတွေကို အားပေးနေတယ်ဆိုတဲ့ စွပ်စွပ်ချက်နဲ့ ပတ်သက်လို့ ဘီတာဂရိုမှာ အပြစ်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ပါတယ်။ ဘီတာဂရိုကနေ လျော်ကြေး ထပ်မံရရှိဖို့ မြန်မာ အလုပ်သမားတွေရဲ့ အသနားခံစာကိုလည်း ပယ်ချလိုက်ပါတယ်။

ဒီလျော်ကြေးဟာ လုပ်သက် နှစ်နှစ်စာ အတွက်ပဲ ရှိပြီး သုံးနှစ်ကနေ ငါးနှစ်အထိ လုပ်ခဲ့ရတဲ့သူတွေအတွက် မပါဘူးလို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် ကိုယ်စားလှယ် ဆူသာစီနီ ကဲအိုဆင်လက်ခ်က ပြောပါတယ်။

မြန်မာ အလုပ်သမား ၁၄ ဦးကို ဓမ္မကာဆတ် ကုမ္ပဏီက တနေ့ကို ၁၅ နာရီနဲ့ တစ်ရက်မှ အနားမပေးဘဲ စေခိုင်းခဲ့တဲ့ အပြင် တစ်ရက်ကို အနည်းဆုံး လုပ်ခ ဘတ် ၃၀၀ ပေးရမယ်ဆိုတဲ့ ထိုင်းဥပဒေကို မလိုက်နာဘဲ တရက်လုပ်ခ ဘတ် ၂၃၀ ပဲ ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အများပြည်သူ အားလပ်ရက်တွေမှာလည်း နားခွင့်မရှိဘဲ အချိန်ပို လုပ်ခဲ့ရတယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)