အဖေကိုထိတဲ့သူ အမှုန့်ချေမယ်လို့ ပြောတဲ့သူကို အရက်အတူသောက်သူက ဓားနဲ့ခုတ်သတ်

0
229

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ အုတ်ဖိုရွာမှာ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက တစ်ရွာတည်းနေသူချင်း အရက်မူးပြီး ဓားနဲ့ခုတ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဇန်န၀ါရီ ၁၇ ရက် နံနက် ၁ နာရီမှာ ရေတာရှည်မြို့နယ်၊ ဆွာနယ်မြေရဲစခန်း အနောက်မြောက်ဘက် ၂၂ မိုင်ခန့်အကွာ အုတ်ဖိုကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာရှိ မင်းသန်း ၃၉ နှစ်(ဘ)ဦးပေါက်ရဲ့ နေအိမ်မှာ တစ်ရွာထဲအတူနေသူ သံချောင်း ၃၁ နှစ် (ဘ)ဦးထွန်းအောင်နဲ့ အရက် အတူသောက်စားကြပြီး မင်းသန်းက သံချောင်းကို ဓါးနဲ့ခုတ်ခဲ့ကြောင်းအုတ်ဖိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမိုးဆွေက နံနက် ၇ နာရီခွဲမှာ ဆွာနယ်မြေရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။

သတင်းအရ ဆွာနယ်မြေရဲစခန်းမှူး ရဲအုပ်သောင်းစံနဲ့အဖွဲ့ဟာ ပြစ်မှုကျူးလွန်သူ မင်းသန်းကို ဖမ်းဆီးဖို့ ၆ မိုင်၊သစ်တောကျေးရွာသို့သွားရောက်စောင့်ဆိုင်းချိန်မှာ မင်းသန်းက နံနက် ၈ နာရီခွဲအချိန်မှာ ၆ မိုင်သစ်တောကျေးရွာအတွင်း သက်သေခံပစ္စည်းဖြစ်တဲ့ ဓါးနှင့်အတူလာရောက် အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။

မင်းသန်းအဖမ်းခံရပြီးနောက် စစ်ဆေးရာမှာ အခင်းဖြစ်စဉ်အချိန်က တစ်ရွာထဲအတူနေ သံချောင်းဆိုသူက မင်းသန်းအိမ်ကိုရောက်ရှိလာပြီး အိမ်အပေါ်ထပ်မှာ မင်းသန်းနှင့်အတူ တောအရက်တစ်လုံး၊ ၀က်ဝမ်းတွင်းသားအမြည်းဖြင့် သောက်စားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလို သောက်စားနေကြစဉ် သံချောင်းက သူ့ဖခင်ဖြစ်သူကို စော်ကားသူမှန်သမျှကို အမှုန့်ချေပစ်မယ်လို့ ပြောရာမှာ မင်းသန့်က “ငါနဲ့မင်းအဖေနဲ့ဖြစ်ရင်ရော”လို့ မေးခဲ့ရာ သံချောင်းက “မင်းဆိုလည်းသတ်မှာပဲ”လို့ ပြောတဲ့အတွက် မင်းသန်းက သူ့ခါးမှာအသင့်ပတ်ထားတဲ့ဓါးနဲ့ ခုတ်သတ်ခဲ့တာ ဖြစ်ပါတယ်။

မင်းသန်းရဲ့ထွက်ဆိုချက်အရ သံချောင်းဟာ လည်ပင်းမှာ ပြတ်လုနီးပါးဒဏ်ရာတစ်ချက်၊ ညာဘက်လက်ဖနောင့်မှာ ပြတ်ရှဒဏ်ရာတစ်ချက်ရရှိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူသံချောင်းရဲ့အလောင်းကို ဆွာမြို့ နာရေးကူညီမှုယာဉ်နဲ့ သွားရောက်သယ်ဆောင်ပြီး ရဲဆေးစာနဲ့အတူ ဆေးရုံကို ပို့ဆောင်ခဲ့သလို ပြစ်မှုကျူးလွန်သူ မင်းသန်းကို ဆွာနယ်မြေရဲစခန်းက (ပ)၂၀/၂၀၁၇ ပြစ်မှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)