ဦးကိုနီကို လုပ်ကြံဖို့ ငွေပေးခိုင်းစေသူ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူး

0
320

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ ငွေပေးခိုင်းစေခဲ့သူဟာ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းမှာ ဦးကိုနီ လုပ်ကြံခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒုတိယမြောက် သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တာပါ။

လက်ရှိမှာ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုမှာ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ ကြည်လင်း(၅၂ နှစ်)နဲ့ အောင်ဝင်းဇော် (၄၆ နှစ်)တို့ကို ဖမ်းဆီးထားပြီး ကနဦး စစ်ဆေးဖော်ထုတ်ချက်တွေအရ အောင်ဝင်းဇော်ကို သူ့ရဲ့ ညီဖြစ်သူ အောင်ဝင်းခိုင်က ငွေ ကျပ် သိန်း ၁၀၀၀ ပေးပြီး ဦးကိုနီကို သတ်ဖို့ ခိုင်းစေခဲ့တာဖြစ်ပါတယ်။

အဲဒီနောင် အောင်ဝင်းဇော်က ၂၀၁၆ ခုနှစ်၊ သြဂုတ်-စက်တင်ဘာလတွေအတွင်း သူ့ဆီကို ကြည်လင်းရောက်လာပြီး အလုပ်လာတောင်းချိန်မှာ ဦးကိုနီကို သတ်ပေးဖို့ သိန်း ၈၀၀ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အောင်ဝင်းခိုင်လည်းရှိနေခဲ့ပြီး လေဆိပ် CCTV မှတ်တမ်းစစ်ဆေးချက်အရ အောင်ဝင်းခိုင်ဟာ လေယာဉ်ဆိုက်ရောက်မယ့်အချိန်ကို စုံစမ်းခဲ့တာ ဖြစ်ပါတယ်။

အောင်ဝင်းခိုင်ဟာ တစ်ချိန်က တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်မှာ မိမိဆန္ဒအလျောက် တပ်မတော်က နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ခိုင်းစေသူ အောင်ဝင်းခိုင်ဟာ လွတ်မြောက်နေပြီး အောင်ဝင်းခိုင်နဲ့ တခြား ဆက်စပ်တရားခံတွေကို ဖမ်းဆီးရမိဖို့ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုတွေနဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်တာတွေကို အထူးဂရုပြုကြဖို့ အောင်ဝင်းခိုင်နဲ့ စပ်လျဉ်းပြီး သတင်းအချက်အလက် သိရှိရင် တာဝန်ရှိသူတွေကို အသိပေးဆက်သွယ်ဖို့ နိုင်ငံတော်သမ္မတရုံးက မေတ္တာရပ်ခံ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)