အစိုးရသစ်လက်ထက် ကိုးလအတွင်း လက်ပံတောင်းတောင်ကနေ နိုင်ငံတော်အတွက် ဒေါ်လာ သန်း ၂၀ ရရှိခဲ့

0
263

အစိုးရသစ်လက်ထက်မှာ ကိုးလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှာ လုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကနေ နိုင်ငံတော်အတွက် ဝင်ငွေခွန် အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါး ရရှိခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြိုင် မဲဆန္ဒနယ်က ဦးအောင်ခင်ဝင်းရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ၂၀၁၀ ပြည့်နှစ် ဇွန်လမှာ ကြေးနီထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ စာချုပ် ချုပ်ဆိုခဲ့ပေမဲ့ ဒေသခံပြည်သူလူထုနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေရတဲ့အတွက် ၂၀၁၆ မေလမှာသာ စီးပွားဖြစ် ထုတ်လုပ်မှု စတင်နိုင်ခဲ့ပါတယ်။

အဲဒီနောက် အစိုးရသစ် တာဝန်လွှဲပြောင်းပြီးနောက်မှာ လက်ပံတောင်းတောင် စီမံကိန်း စီးပွားဖြစ်စတင်လုပ်ကိုင်တဲ့ မေလ ၅ ရက်နေ့ကနေ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ကက်သုတ်ကြေးနီ မက်ထရစ်တန် ၂၃၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး ဓာတ်သတ္တုခွန်၊ အမှတ်(၁) သတ္တုတွင်း လုပ်ငန်းခွဲဝေမှု အချိုး၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉.၉ သန်း (သန်း ၂၀ နီးပါး) ရရှိခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

စီးပွားရေးသဘောသဘာဝအရ စီးပွားရေးတရားဝင်မထုတ်ခင် အနီးစပ်ဆုံးကာလဖြစ်တဲ့ အစိုးရ တာဝန် မလွှဲပြောင်းခင်နဲ့ လွှဲပြောင်းပြီးစ ၂၀၁၆ မတ်လကနေ မေလအတွင်းမှာတော့ ကက်သုတ်ကြေးနီး မက်ထရစ်တန် ၁၃၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့တာကြောင့် အမေရိကန်ဒေါ်လာ ကိုးသိန်းရရှိခဲ့တယ်လို့လည်း ဦးအုန်းဝင်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

လက်ပံတောင်း ကြေနီးစီမံကိန်းကို သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေး ဦးပိုင်လုပ်ငန်းနဲ့ တရုတ်နိုင်ငံက ဝမ်ပေါင် ကုမ္ပဏီတို့ စာချုပ်ချုပ်ဆို ဆောင်ရွက်နေတာဖြစ်ပြီး ခွဲဝေမှု အချိုးအစားအနေနဲ့ နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း အချိုးကျ ခွဲဝေခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)