အကျဉ်းဦးစီးဌာနအောက်က အလုပ်စခန်းတွေ ပိတ်ဖို့ အစီအစဉ်မရှိသေး

0
357

အကျဉ်းဦးစီးဌာနအောက်မှာရှိတဲ့ အသက်မွေးမှုအတတ်သင်စခန်းတွေကို ပိတ်ဖို့အစီအစဉ်မရှိဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

prison

ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တွံတေးမဲဆန္ဒနယ်က ဦးမြင့်လွင်ရဲ့ရဲဘက်စခန်းတွေ ဖျက်သိမ်းဖို့ရှိမရှိ မေးမြန်းချက်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့တာပါ။

လက်ရှိမှာ အကျဉ်းဦးစီးဌာနအောက်မှ အကျဉ်းထောင် ၄၆ ခုရှိပေမဲ့ အကျဉ်းသား ဝင်ဆံ့မှု ၄၄၄၁၁ ဦးပဲ ရှိပေမဲ့ လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားနဲ့ အချုပ်သားဦးရေက ၇၄၈၉၃ ဦးရှိနေတဲ့အတွက် အကျဉ်းသား ၃ သောင်းကျော် ကျော်လွန်နေပါတယ်။

ဒါပေမဲ့ အဲဒီပိုနေတဲ့ ၃ သောင်းကျော်ထဲက အကျဉ်းသား ၁၅၀၀၀ ကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အသက်မွေးမှု အတတ်သင်စခန်းတွေမှာ စခန်းတစ်ခုကို အကျဉ်းသား ၅၀၀ ဦးထားရှိထားတာဖြစ်တာကြောင့် လက်ရှိမှာ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းဖမ်းဆီးထားတဲ့ အကျဉ်းသားနဲ့ အချုပ်သားစုစုပေါင်း ၅၈၀၀၀ ခန့် ရှိနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ အကျဉ်းဦးစီးဌာနအောက်မှာ ဖွင့်လှစ်ထားတဲ့ စခန်းပေါင်း ၄၈ ခု ရှိပါတယ်။ အဲဒီစခန်းတွေကို ၁၉၇၈ ခုနှစ်မှာ ရဲဘက်စခန်းတွေအနေနဲ့ စဖွင့်ခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်းမှာတော့ စခန်းပေါင်း ၈၃ ခုထဲက ၃၆ ခုကို ဖျက်သိမ်းခဲ့ကာ ၂၈ ခုကို အသက်မွေးအတတ်သင်စခန်းတွေအဖြစ် ပြောင်းလဲခဲ့တာပါ။ အဲဒီနောက် သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ စိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေး အတတ်သင်စခန်းအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံမှာစခန်းပေါင်း ၄၈ ခုရှိတဲ့အထဲမှာ အကျဉ်းသားတွေထားတဲ့စခန်း ၃၀ ခန့် ရှိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)