စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ လူ့အခွင့်အရေး ကောင်စီမှာ ယန်ဟီးလီ တောင်းဆိုချက် ထောက်ခံမှု နည်း

0
280

ရခိုင်ပြည်နယ်က မွတ်စလင် အရေးမှာ အထူးစုံစမ်းရေး ကော်မရှင်ဖွဲ့ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီရဲ့ တောင်းဆိုချက်ကို ဥရောပ သမဂ္ဂအပါအဝင် အရေးကြီး ကိုယ်စားလှယ်တွေက မထောက်ခံကြပါဘူး။

မစ္စ ယန်ဟီးလီက ၂၀၁၂ နဲ့ ၂၀၁၄ မှာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ကိုင်တွယ်ခဲ့မှုတွေကို စုံစမ်းဖို့ အထူး စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နယ်သာလန်၊ ဗြိတိန်တို့လို အရေးကြီးတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်တွေက မစ္စ ယန်ဟီးလီ တောင်းဆိုချက်ကို မထောက်ခံကြပါဘူး။ အဲဒီလို စုံစမ်းစစ်ဆေးမှုတွေက နုနယ်သေးတဲ့ ဒီမိုကရေစီ အကူးအပြောင်း နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံကို ခြိမ်းခြောက်လိုက်သလို ဖြစ်သွားမှာကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။
မနေ့က ဆွေးနွေးပွဲမှာ နယ်သာလန်၊ ဗြိတိန်တို့က စုံစမ်းရေး ကော်မရှင်ဖွဲ့မယ့်ကိစ္စမှာ ဘာမှ ဝင်မပြောဘဲ နေခဲ့ကြပါတယ်။

လူ့အခွင့်အရေး ကောင်စီဆိုင်ရာ ဗြိတိသျှ ကိုယ်စားလှယ် ဂျူလီယန် ဘရိတ်သ်ဝိတ်က နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာ့ အရပ်ဘက်နဲ့ စစ်ဘက်အကြား ရှုပ်ထွေးသိမ်မွေ့တဲ့ မျှခြေ အနေအထားကို မပျက်စီးစေဘဲ ဆက်ဆံဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်။

မြန်မာဘက်ကလည်း ရခိုင်ပဋိပက္ခအရေးမှာ ကိုယ့်ဖာသာ ကိုင်တွယ်စုံစမ်းနေကြောင်း တုံ့ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)