လမ်းဘေးကျောင်းနဲ့ ချိတ်ပြီး မာစတာဘွဲ့ပေးတာ ရှက်စရာကောင်းကြောင်း ဝေဖန်

0
288

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဟာ အဆင့်မရှိတဲ့ လမ်းဘေးကျောင်းနဲ့ ချိတ်ပြီး ဝန်ထမ်းတွေကို သင်တန်းပေး၊ မာစတာဘွဲ့ ချီးမြှင့်ခဲ့တာဟာ ကမ္ဘာ့အလယ်မှာ ရှက်စရာကောင်းတယ်လို့ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက အခုလို ဝေဖန်သွားတာ ဖြစ်ပါတယ်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဟာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ (MPA) အတွက် ချိတ်ဆက်ခဲ့တဲ့ သင်တန်းတွေ ဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီက Akamai University ဟာ ဆိုင်နှစ်ခုကြားက အခန်းလွတ် နှစ်ခန်းသာ ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံက EDS Business School ဟာလည်း ပီနန်ကျွန်းအနီး လူနေရပ်ကွက်ထဲက လမ်းဘေးတိုက်ခန်းသာ ဖြစ်ကြောင်း လ့တ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။ အခုလို လမ်းဘေးကြောင်းတွေနဲ့ ချိတ်ခဲ့လို့ နိုင်ငံဘဏ္ဍာ ကျပ်သန်း ၂၀၀ နီးပါး ရေစုန်မျောခဲ့တယ်လို့လည်း ဦးမျိုးဝင်းက ပြောသွားပါတယ်။
