ဗိုလ်ချုပ် ၁၀၂ နှစ်ပြည့် မွေးနေ့နဲ့ ပင်လုံ ညီလာခံကို ကြိုဆိုတဲ့အနေနဲ့ ပဲခူးမှာ စာပေပွဲတော် ကျင်းပ

0
293

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားယာဉ်ရပ်နားကွင်းမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ည ၇ နာရီက စာပေပွဲတော် ကျင်းပခဲ့ပါတယ်။

အဲဒီပွဲတော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဗိုလ်ချုပ်အောင်ဆန်း ၁၀၂ နှစ်ပြည့် မွေးနေ့နဲ့ ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံကိုကြိုဆိုထောက်ခံခြင်း အထိမ်းအမှတ်အနေနဲ့ ကျင်းပခဲ့တာပါ။

ဒီစာပေပွဲတော်မှာ ပဲခူးမြို့မှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး သုတ၊ ရသစာအုပ် ဆိုင်ခန်းပေါင်း ၇၀ ခန့် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲတော်က ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ သုံးရက်တိုင်တိုင် နံနက် ၁၀ နာရီကနေ ည ၉ နာရီအထိ ဖွင့်လှစ်သွားမှာပါ။

စာပေပွဲတော် ဖွင့်ပွဲအခမ်းအနားလုပ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ သယံဇာတသစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ၊ သနပ်ပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စောညိုဝင်း၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းဒန်နဲ့ ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ခင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုခေတ်မှာ စာဖတ်သူ နည်းပါးလာတဲ့အတွက် စာဖတ်သူများပြားလာစေဖို့ စာအုပ်ကောင်းတွေကို ရန်ကုန်မြို့အထိ တက်ဝယ်စရာမလိုဘဲ ပဲခူးမှာပဲ အလွယ်တကူဝယ်ယူနိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပြီး လူငယ်တွေအနေနဲ့ Facebook လို လူမှုကွန်ရက်ကို ကော်းတဲ့ဘက်မှာ အသုံးပြုဖို့လိုအပ်သလို စာအုပ်စာပေတွေလည်း များများစားစားဖတ်ဖို့ လိုအပ်တယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတသစ်တောနှင့် သဘာဝတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံက ပြောကြားခဲ့ပါတယ်။

ပဲခူးမြို့ စာပေပွဲတော်မှာ စာအုပ်ဈေးရောင်းပွဲအပြင် စာပေဟောပြောနဲ့ ကာတွန်းပြပွဲ၊ ကယ်ရီကေးချား ရေးဆွဲတဲ့ အစီအစဉ်တွေနဲ့ အမှတ်တရ အရောင်းဆိုင်ခန်းတွေလည်း ဖွင့်လှစ်ခဲ့ပါတယ်။ စာပေဟောပြောပွဲမှာတော့ ဒေါက်တာ ထွန်းလွင်၊ ဒေါက်တာ ခင်မောင်ညို၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာ ညီမင်းညို၊ ဆရာ နေဝင်းမြင့်နဲ့ ဆရာမ ခင်ခင်ထူးတို့ လာရောက် ဟောပြောခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)