ငါးရက်သား မြန်မာကလေးငယ်ကို ခိုးယူတဲ့ ထိုင်းအမျိုးသမီး အဖမ်းခံရ

0
276

ထိုင်းနိုင်ငံ၊ နခွန်ပထွန် ဆေးရုံကနေ ငါးရက်သား မြန်မာကလေးငယ်ကို ခိုးယူတဲ့ အသက် ၃၄ နှစ်အရွယ် ထိုင်းအမျိုးသမီးကို ဒီနေ့ မတ်လ ၁၃ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

ဆောက်လုပ်ရေး အလုပ်သမ တစ်ဦးဖြစ်တဲ့ ဆူနီးပွန် ဆက်က်ဒါ ဆိုသူ အမျိုးသမီးဟာ သူ့ ကိုယ်ဝန်က အသက်မဲ့နေတဲ့ ကလေး မွေးတဲ့အတွက် မြန်မာ ကလေးငယ်ကို ခိုးယူပြီး သူမွေးခဲ့တာလို့ ခင်ပွန်းဖြစ်သူကို လိမ်လည်ပြောဆိုဖို့ ကြံစည်ခဲ့တာလို့ ထိုင်းရဲတွေက ပြောပါတယ်။

နခွန်ပထွန်ရှိ အလုပ်သမား တန်းလျားမှာ သူမကို ဖမ်းလိုက်တာ ဖြစ်ပြီး ကလေးကိုလည်း အဲဒီမှာပဲ ပြန်ရှာတွေ့ခဲ့ပါတယ်။
ဆူနီးပွန်နဲ့ အခိုးခံရတဲ့ ကလေးငယ်ရဲ့ မိခင် မြန်မာအမျိုးသမီးတို့ဟာ နခွန်ပထွန် ဆေးရုံက မီးဖွားဆောင်မှာ မိတ်ဆွေ ဖြစ်ခဲ့ကြတာပါ။

ဆေးရုံက ဆင်းပြီးနောက် မတ်လ ၁၂ ရက်နေ့မှာ ကလေးကို ဆေးထိုးဖို့ ဆေးရုံသွားရမယ်ဆိုပြီး ဆူနီးပွန်က လာရောက်ပြောဆိုတဲ့အတွက် မြန်မာ အမျိုးသားက တက္ကစီးငှားပြီး ကလေးကို ခေါ်ဆောင်လာပါတယ်။

မြန်မာအမျိုးသားက တက္ကစီက ရှင်းနေတုန်း ကလေးကို ဆရာဝန်ဆီ သူခေါ်သွားပေးမယ်ဆိုပြီး ဆူနီးပွန်က ခေါ်ယူသွားတာ ဖြစ်ပါတယ်။ ရဲက ဆူနီးပွန်ဆီ ရောက်လာပြီး ကလေး မွေးစာရင်း ပြခိုင်းတဲ့အခါ ဆူနီးပွန်က ငိုယိုပြီး သူ့ကလေးအဖြစ် မွေးစားဖို့ ခိုးယူခဲ့ကြောင်း ရဲကို ဝန်ခံလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)