ကန့်ဘလူခရိုင်က တောင်သူတွေ ပုံစံ ၇ ရှိပြီး သက်သေခံမြေပုံ ၁၀၅ မရှိလို့ လယ်မြေ အငြင်းပွားမှု ရင်ဆိုင်နေရ

0
317

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်က ရွာတွေမှာ နေထိုင်တဲ့ တောင်သူလယ်သမားတွေဟာ လယ်ယာမြေ လုပ်ပိုင်ခွင် ပုံစံ ၇ ရှိပေမဲ့ သက်သေခံမြေပုံ ၁၀၅ စာရွက်မရှိတဲ့အတွက် လယ်ယာမြေအငြင်းပွားမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ကန့်ဘလူခရိုင်၊ ကိုးတောင်ဘို့ကျေးရွာ၊ ပိတောက်ခုံရွာ၊ ကွက်သစ်ရွာ၊ ပေါက်ကုန်းရွာ၊ ဇီးကနားကျေးရွာ၊ လျော်ဖြူကုန်းကျေးရွာ၊ ကြခတ်အိုက်ကျေးရွာ၊ ဂုံညှင်းကျေးရွာတွေမှာ နေထိုင်တဲ့ တောင်သူလယ်သမားတွေက အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

တောင်သူလယ်သမားတွေအနေနဲ့ ပုံစံ ၇ ရှိလည်းပဲ သက်သေခံမြေပုံ ၁၀၅ မရှိတဲ့အတွက် အင်းသူကြီးတွေက သူတို့ရဲ့ လယ်ယာတွေအပေါ် တိုးချဲ့ဖိနှိပ်တာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တချို့ တောင်သူတွေမှာလည်း မြေစာရင်းဌာနက ပုံစံ ၇ မချပေးထားတဲ့အတွက် ချေးငွေမရတာမျိုးတွေ ဖြစ်နေတာပါ။

ဒီလိုဖြစ်ပျက်နေတဲ့ကိစ္စတွေကို သက်ဆိုင်ရာဌာနတွေကို တင်ပြပေမဲ့လည်း မဖြေရှင်းပေးတဲ့အတွက် မုံရွာမြို့ပေါ်ထိ လာရောက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သိစေဖို့ သတင်းစာရှင်းလင်းပွဲလုပ်တာလို့ တောင်သူလယ်သမားတွေက ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး MCN သတင်းဌာနက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဆက်သွယ်မေးမြန်းရာမှာ ဝန်ကြီးချုပ်က “သူအနေနဲ့ တင်ပြတဲ့စာတွေ ရောက်လာရင် ဖတ်ရှုပြီးဖြေရှင်းပေးဖို့ ညွှန်ကြားထားပေမဲ့ အောက်ခြေက အလုပ်မလုပ်တာကြောင့် အခုလို ဖြစ်နေတာဖြစ်ပြီး မကြာခင်မှာ ကိုယ်တိုင် စစ်ဆေးသွားဖို့ရှိနေတယ်”လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)