အနဂ္ဂရဲ့ “ယားပြီ” သင်္ကြန်သီချင်းကို ဆင်ဆာအဖွဲ့က ပိတ်ပင်

0
301

“ယားပြီ” လို့ အမည်ရတဲ့ သင်္ကြန်သီချင်းကို ဆင်ဆာအဖွဲ့က ပိတ်ပင်ခံရကြောင်းတေးသံရှင် အနဂ္ဂက ပြောကြားလိုက်ပါတယ်။

“သင်္ကြန် Fever 2017” ခွေမှာ ပါဝင်တဲ့ အဲ့ဒီသီချင်းကို ဆင်ဆာအဖွဲ့က ပိတ်ပင်လိုက်တဲ့ အကြောင်း တေးသံရှင်အနဂ္ဂက သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ တဆင့်ပြောကြားထားတာပါ။

ဒီလိုပိတ်ပင်ခံရမှုနဲ့ပတ်သက်ပြီး မတ်လ (၉) ရက်နေ့ ညနေပိုင်းက နေပြည်တော်ရုပ်ရှင်ရုံမှာ ဆင်ဆာအဖွဲ့ဝင် တွေနဲ့ သွားရောက် ဆွေးနွေးမှုပြုလုပ်ခဲ့ပေမယ့် အဆင်ပြေမှု မရရှိခဲ့ဘူးလို့လည်း အနဂ္ဂက ပြောပါတယ်။

ဆင်ဆာအဖွဲ့နဲ့ ဆွေးနွေးမှုတွေထဲမှာတော့ သီချင်းထဲက စာသားတွေဖြုတ်ခိုင်းတာတွေ ပြင်ဆင်ခိုင်းတာတွေ ရှိခဲ့တာပါ။

ဒီအပေါ်ကို အနဂ္ဂက အနုပညာဖန်တီမှု သီချင်းစာသားတွေဖြစ်တဲ့အပြင်  သင်္ကြန်အခွေဖြစ်တဲ့ အတွက် အခွေထွက်မယ့်ရက်လည်း နီးကပ်နေပြီဖြစ်တာကြောင့် အဆင်မပြေကြောင်း တောင်းပန်ခဲ့ပေမယ့် ခွင့်ပြုချက် မပေးခဲ့ဘူးလို့လည်း အနဂ္ဂက ဆိုပါတယ်။ 

ဒီလိုညှိနှိုင်းမှုတွေ အဆင်မပြေတာ ကြောင့် သင်္ကြန် Fever 2017″ ခွေမှာ အနဂ္ဂရဲ့ “ယားပြီ” သီချင်း ပါဝင်မှု မရှိတဲ့အတွက် သူ့ရဲ့ Facebook ကပဲ အဲ့ဒီသီချင်းကို တင်ပေးသွားမယ်လို့လည်း ပရိသတ်တွေကို ပြောဆိုထားပါတယ်။

ဒီအပေါ်ကို တေးသံရှင်အနဂ္ဂကတော့ “လွတ်လပ်မှုအပြည့်မရသေးတဲ့ တိုင်းပြည်မှာ စနစ်ဆိုးအမွေအနှစ်ကတော့ လက်တွေ့ခံစားလိုက်ရတာပဲ” လို့ ပြောဆိုထားပါတယ်။

“သင်္ကြန် Fever 2017 album” ကို မတ်လ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိတော့မှာဖြစ်ပြီး အဲ့ဒီနေ့၊ နေလည် ၃ နာရီအချိန် လှည်တန်းစင်တာမှာ ပါဝင်ကြတဲ့ တေးသံရှင်တွေက အမှတ်တရလက်မှတ်ရေးထိုး ပေးကြဖို့လည်း ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)