ပုလောမှာ ဆေးလိပ်မီးကတစ်ဆင့် ဆီးဂိုဒေါင် မီးလောင်မှုကြောင့် အိမ် ၁၃ လုံး ဆုံးရှုံး

0
323

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၁၁ နာရီက ဆေးလိပ်မီးပစ်ချရာကနေ ဆီဂိုဒေါင်ကို မီးကူးပြီး မီးလောင်ကျွမ်းမှုဖြစ်ခဲ့တာကြောင့် လူနေအိမ် ၁၃ လုံး မီးဘေးသင့်ခဲ့ပါတယ်။

မီးစတင်လောင်တဲ့ နေရာဟာ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ၊ ဝါးတန်းလမ်းနေ ဦးထင်ဇော်မြင့် (၄၅ နှစ်)ရဲ့ ကုန်စုံဆိုင်ဖွင့်ထားတဲ့ လူနေဈေးဆိုင်ဖြစ်ပြီး ကပ်လျက်မှာရှိတဲ့ နှစ်ထပ်တိုက်အိမ်နဲ့ ပျဉ်ထောင်အိမ်တို့ကို မီးကူးစက်လောင်ကျွမ်းခဲ့တာပါ။

မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အကြောင်းရင်းကို စုံစမ်းရာမှာ ထင်ဇော်(ခ)ထင်ဇော်မြင့်က စည်းကမ်းမဲ့ဆေးလိပ်မီး ပစ်ချခဲ့ရာကနေ နေအိမ်ဂိုဒေါင်ဘေးမှာရှိတဲ့ ဒီဇယ်ဆီပီပါကို မီးကူးစက်ပြီး လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ပုလောမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြောကြားပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၅၅ သိန်းကျော် ရှိခဲ့ပြီး အိမ်ခြေ ၁၃ လုံး၊ အိမ်ထောင်စု ၁၄ စု မီးဘေးသင့်ခဲ့ပြီး ရပ်ကွက်နေပြည်သူ ကျား ၂၇ ဦး၊ မ ၃၉ ဦး၊ စုစုပေါင်း ၆၆ ဦး နေအိမ်ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မီးဘေးသင့်ပြည်သူတွေအတွက် ဝါးတန်းရပ်ကွက်က ဘုန်းတော်ကြီးကျောင်းမှာ ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင် ဦးတင်စိုးက ပြောပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးကို ပေါ့ဆစွာ အသုံးပြုသူ ထင်ဇော်(ခ) ထင်ဇော်မြင့်ကို ဥပဒေအရ အရေးယူပေးဖို့ ပုလောမြို့နယ် မီးသတ် ဒုဦးစီးမှူး ကျော်ဇင်ထိုက်က တရားလိုလုပ် တိုင်တန်းခဲ့တာကြောင့် ပုလောမြို့မရဲစခန်းက (ပ) ၃၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ အရ အမှုဖွင့်ထားပါတယ်။

ဓာတ်ပုံ – ပုလော စိုင်းယုဒီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)