ကြားဖြတ်ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း လာကြည့်သူ ၆ ရာခိုင်နှုန်းပဲရှိ

0
310

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကပ်ထားတဲ့ အခြေခံမဲဆန္ဒရှင်စာရင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း လာရောက်ကြည့်ရှုတဲ့ မဲဆန္ဒရှင်အရေအတွက်ဟာ ၆.၀၁ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အခြေခံမဲစာရင်းရှင်စာရင်းကို မဲဆန္ဒရှင်တွေ လာရောက်စစ်ဆေးပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်နိုင်အောင် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်ကြာအောင် ကပ်သွားမှာဖြစ်ပြီး တစ်ပတ်အကြာမှာ ကော်မရှင်က ခုလို ထုတ်ပြန်လိုက်တာပါ။

ဖေဖော်ဝါရီလ ပထမပတ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ ၆.၀၁ ရာခိုင်နှုန်းရှိသလို၊ မဲစာရင်းမှာ အမည်စာရင်းထည့်သွင်းပေးဖို့ ပုံစံ(၃)နဲ့ တောင်းဆိုသူ ၂.၇ ရာခိုနှုန်း၊ မဲစာရင်းမှာ မပါသင့်သူတွေ ပါနေလို့ ပုံစံ(၄)နဲ့ ကန့်ကွက်သူ ၀.၅ ရာခိုင်နှုန်းနဲ့ မဲစာရင်းအချက်အလက်မှားယွင်းနေလို့ ပုံစံ(၄-ဂ)နဲ့ ပြင်ဆင်ဖို့ တင်သွင်းသူ ၁.၆ ရာခိုင်နှုန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။

အခြေခံမဲဆန္ဒရှင်စာရင်းနဲ့ပတ်သက်ပြီး ဖြည့်စွက်တာ၊ ပြင်ဆင်တာ၊ ပယ်ဖျက်တာတွေ ဆောင်ရွက်ဖို့ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ လျှောက်လွှာတွေ အခမဲ့ တောင်းနိုင်မှာလည်း ဖြစ်ပါတယ်။

အခြေခံမဲဆန္ဒရှင်စာရင်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ လုပ်ပြီးမှသာ မတ်လ ၁၇ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ကြေညာသွားမှာဖြစ်တာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကပ်မယ့် အခြေခံမဲဆန္ဒရှင်စာရင်းကို မပျက်မကွက် လာရောက်ကြည့်ရှုဖို့ ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ မေတ္တာရပ်ခံထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)